PSM(News) မတ် ၂၈၊ ၂၀၂၆ လာမည့်ရက်များအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် အပူချိန်မြင့်တက်မှုနှင့်အတူ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ အန္တရာယ်ရှိအဆင့်အထိ မြင့်တက် လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကာကွယ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) တို့က တိုက်တွန်းနှိုးဆော်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းသည် မတ်လနှင့် ဧပြီလများအတွင်း အဆင့် ၁၁ နှင့်အထက် အထိ ရောက်ရှိနိုင်ပြီး အထူးသဖြင့် မကွေး၊ မန္တလေး၊ ရခိုင်၊ ကရင်၊ မွန်နှင့် တနင်္သာရီဘ ဒေသများတွင် နေ့အပူချိန် ၄၀ ဒီဂရီစဲလ်စီးယပ်စ် ဝန်းကျင်အထိ ရှိနေကာ အပူချိန်မြင့်တက်မည် ဖြစ်ကြောင်း weather2travel တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။ ထို့ကြောင့် အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန်အတွက် အပူဆုံးအချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အပြင်ထွက်ခြင်းနှင့် အမိုးအကာမရှိသောနေရာများတွင် အဝတ်လျှော်ခြင်း၊ ရေချိုးခြင်းများ မပြုလုပ်ရန် NUG ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်။ အပြင်သို့ထွက်ခွာပါကလည်း ထီး သို့မဟုတ် ဦးထုပ် ဆောင်းခြင်း၊ အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ခြင်းတို့ဖြင့် ကာကွယ်ရန် လိုအပ်သည့်အပြင် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်စွာ သောက်သုံးရန်နှင့် အပူဒဏ်ကို ပိုမိုပြင်းထန် စေနိုင်သော အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန်လည်း တိုက်တွန်းထားသည်။ ထို့ပြင် နေပူထဲမှ ပြန်လာပြီးချင်း ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်နှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါသည်များကို လေဝင်လေထွက်ကောင်းသော အရိပ်အောက် တွင် ထားရှိရန် လိုအပ်သည်။ အကယ်၍ ကိုယ်အပူချိန် အလွန်အမင်း မြင့်တက်ခြင်း ၊ ချွေးမထွက်တော့ဘဲ အရေပြား ပူစပ်ခြောက်သွေ့လာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း သို့မဟုတ် တက်ခြင်းများ ဖြစ်ပွားပါက အသက်အန္တရာယ်ရှိနိုင်သော အပူဒဏ်ကြောင့် အပူလျှပ်ခြင်း ဖြစ်နိုင်သဖြင့် အရေးပေါ် ကုသမှုခံယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။ အထူးသဖြင့် အမိုးအကာနှင့် လျှပ်စစ်မီး အခက်အခဲရှိသော စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ရ သူများသည် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်နေကြောင်း NUG ၏ ထုတ်ပြန်ချက်များတွင် အလေးပေးဖော်ပြထားသည်။ Post navigation မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငလျင်ဒဏ်သင့်ပြည်သူများ ငတ်မွတ် ခေါင်းပါးမှု အန္တရာယ်နှင့် ထပ်မံရင်ဆိုင်နေရဟု WFP သတိပေး ရခိုင်တွင် AA ချိပ်ပိတ်ထားသည့် နေအိမ်အချို့ကို အသနားခံစာတင်ပြပါက ပြန်လည်စိစစ်၍ ပိုင်ရှင် များထံ လွှဲပြောင်းပေးအပ်နေ