PSM (News) ဩဂုတ် ၂၈၊ ၂၀၂၆ ရုရှားနိုင်ငံ၏ ဂျက်လေယာဉ်စွမ်းအင်သုံး Geran-4အသေခံဒရုန်းအသစ်များသည် ယူကရိန်းနိုင်ငံအတွင်းပိုင်းသို့ ကီလိုမီတာ ၆၀၀ အထိ ထိုးဖောက်ပျံသန်း တိုက်ခိုက်နိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဆာဟီ ဘက်စ်ကရက်စနော့ဗ်က ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယခင်ထွက်ရှိခဲ့သော ဂျက်စွမ်းအင်သုံး Geran-3ဒရုန်းများသည် ကီလိုမီတာ ၃၀၀ မှ ၃၅၀ ဝန်းကျင်သာ ပျံသန်းနိုင်ခဲ့သော်လည်း ယခုအခါ ရုရှားတပ်ဖွဲ့များသည် Geran-3 အစား Geran-4 ဒရုန်းများကို ပိုမိုအသုံးပြုလာကြသည်။ ဤဒရုန်းအသစ်များသည် မြို့တော်ကိဗ်အပြင် ပိုမိုဝေးကွာသော ပစ်မှတ်များကိုပါ ရောက်ရှိတိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ ယူကရိန်းစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ (HUR) ၏ အဆိုအရ ရုရှားတို့သည် ၂၀၂၆ ခုနှစ်မေလမှစတင်၍ ဤဒရုန်းအသစ်များကို စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ ယခင်ဗားရှင်းဟောင်းများထက် အရှိန်ပိုပြင်းကာ ပိုမိုအန္တရာယ်ကြီးမားလာကြောင်း သိရသည်။ ယခင်ဓာတ်ဆီသုံး ဒရုန်းကိုယ်ထည်များမှာ မြန်နှုန်းမြင့်ပျံသန်းမှုနှင့် ပြင်းထန်သော လှည့်ပတ်မှုများကို မခံနိုင်ခဲ့ကြပေ။ ထို့ကြောင့် ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ ကြားဖြတ်ဟန့်တားရေး ဒရုန်းများကို ရင်ဆိုင်နိုင်ရန်အတွက် ပိုမိုခိုင်မာသော ကိုယ်ထည်တည်ဆောက်ပုံနှင့် လေခွင်းအားကောင်းမွန်သည့် Geran-4 ကို တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒရုန်းအသစ်သည် အလျား ၃ ဒသမ ၅ မီတာ၊ အနံ ၃ မီတာရှိပြီး တရုတ်နိုင်ငံထုတ် တာဘိုဂျက်အင်ဂျင်နှစ်မျိုးအနက် တစ်မျိုးကို အသုံးပြုထားကြောင်း သိရသည်။ ယခုကဲ့သို့ ရုရှား၏ ဂျက်ဒရုန်းသုံးစွဲမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းသည် ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။ ကိုးကား-The New Voice of Ukraine Post navigation ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ အကြီးဆုံး Wildberries သိုလှောင်ရုံ ၁၀ ခုအနက် ၈ ခုထိခိုက်ပျက်စီး အစိုးရနှင့် လွှတ်တော်ဆိုင်ရာ ဆက်ဆံရေးများ ပိုမိုခိုင်မာလာစေရန် ဩစတြေးလျနှင့် ထိုင်းနိုင်ငံတို့ ဆွေးနွေး