PSM (News)

ဩဂုတ် ၂၇၊ ၂၀၂၆

ရုရှားနိုင်ငံ၊ တမ်ဘော့ဒေသ၊ ကိုတော့ဖ်မြို့ရှိ Wildberries ကုန်တိုက်ကြီးတစ်ခုမှာ ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုအသစ်ကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရသည်။ ဤဖြစ်ရပ်သည် ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းမှစ၍ ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် ကုမ္ပဏီ၏ အကြီးဆုံး ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက် ၁၀ ခုအနက် အဋ္ဌမမြောက် ပိတ်သိမ်းခဲ့ရသည့် သိုလှောင်ရုံ ဖြစ်လာခဲ့ကြောင်း လွတ်လပ်သော ရုရှားသတင်းဌာန Agentstvo.Novosti က ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ဩဂုတ်လ ၂၅ ရက်မှ ၂၆ ရက်နေ့၊ ညဉ့်နက်ပိုင်းတွင် တမ်ဘော့ဒေသ၊ ကိုတော့ဖ်မြို့ရှိ Wildberries ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအပြီးတွင် အဆိုပါနေရာ၌ စတုရန်းမီတာ ၁၀၀,၀၀၀ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံမိသည့် ကြီးမားသော မီးလောင်ကျွမ်းမှုကြီး ဖြစ်ပွားခဲ့ပြီး သိုလှောင်ရုံ လုပ်ငန်းများကို ထိရောက်စွာ ရပ်တန့်သွားစေခဲ့သည်။

Agentstvo.Novosti သတင်းဌာန၏ တွက်ချက်ဖော်ပြချက်အရ ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် Wildberries ၏ အဓိက သိုလှောင်ရုံကြီး ၁၀ ခုအနက် စုစုပေါင်း စတုရန်းမီတာ ၁.၃ သန်းကျော်မှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ပြီး ၎င်းမှာ စုစုပေါင်း၏ ၈၁ ရာခိုင်နှုန်းကျော် ရှိနေပြီဖြစ်သည်။

ကိုတော့ဖ်မြို့ရှိ ဒေသန္တရအာဏာပိုင်များက ကြီးမားသော မီးခိုးမွှန်မှုများနှင့် ကာဗွန်မိုနောက်ဆိုက် အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် ဒေသခံပြည်သူများအနေဖြင့် အိမ်အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ ယူကရိန်းစစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာ Fire Point ကလည်း ၎င်းတို့၏ FP-1 ဒရုန်းများကို အသုံးပြု၍ တမ်ဘော့ဒေသရှိ Wildberries ဌာနနှင့် နစ်ရှ်နီ နော့ဗ်ဂရော့ဒ် ဒေသရှိ ရေနံချက်စက်ရုံတို့ကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

ကိုးကား-The New Voice of Ukraine

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *