PSM (News)

ဩဂုတ် ၂၈ ၊ ၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ တိုင်းကွပ်ကဲရေးအဖွဲ့နှင့် နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများပါဝင်သည့် နှစ်ရက်တာ စုံညီအစည်းအဝေး တစ်ရပ်ကို ပြီးခဲ့ သည့် ဩဂုတ် ၂၃ ရက်မှ ၂၄ ရက်အထိ အထူးတိုင်းစစ်ဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ စုံညီအစည်းအဝေးသို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲမှူး၊ ဒု-တိုင်းကွပ်ကဲမှူး၊ တိုင်းဦးစီး အရာရှိများ၊ နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများနှင့် ဒု-တပ်ရင်းမှူးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အထူးတိုင်းစစ်ဌာန၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့သည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ စစ်ဆင်ရေး အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနှင့် သင်ခန်းစာယူရမည့် အချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တပ်မှူးကြီးများ အစည်းအဝေးနောက်ဆက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ရည်မှန်းချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပြင် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ ရဲဘော်များနှင့် ပတ်သက် သည့် အထွေထွေကဏ္ဍများနှင့် လိုအပ်ချက်များကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေး ကွပ်ကဲမှုအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁၂ ရင်း၊ ဒရုန်းနှင့် လက်ရုံးအထူးတပ်ဖွဲ့ ခုနစ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက် ရေးစစ်ကြောင်း သုံး ကြောင်းနှင့် ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့ သုံး ဖွဲ့တို့ ပါဝင်ပြီး နည်းဗျူဟာ လေး ခုဖြင့် စုဖွဲ့ထားသည်။

အဆိုပါ တပ်ဖွဲ့များသည် ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် အဓိက အခြေပြု၍ စစ်ရေးလှုပ် ရှားလျက်ရှိသည်။

အထူးတိုင်းစစ်ဌာနကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး စစ်ရုံးချုပ်မှ တိုက်ရိုက်ကွပ်ကဲသည့် စနစ်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ဌာနသည် စစ်ဆင်ရေးများနှင့် နယ်မြေစိုးမိုးမှု လုပ်ငန်းများကို ပိုမိုခိုင်မာ အားကောင်းသည့် စေခိုင်းကွပ်ကဲမှုစနစ် (Chain of Command – COC) ဖြင့် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဖော်ဆောင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *