PSM (News)

ဩဂုတ် ၂၈ ၊ ၂၀၂၆

ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဆောဒဲလ် (SAUDEL) ၏ အကြွင်းအကျန် လေရစ်ဝဲများနှင့် ဘင်္ဂလားပင်လယ်အော်မှ မုတ်သုံမြောင်းတန်းတို့ အရှိန်ကောင်းနေသဖြင့် လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း အမေရိကန် တပ်မတော် ပူးတွဲမုန်တိုင်းသတိပေးဌာန (JTWC)၊ အိန္ဒိယနှင့် ထိုင်းမိုးလေဝသဌာနတို့၏ စောင့်ကြည့် လေ့လာချက်များအရ သိရသည်။

ယနေ့ ဩဂုတ် ၂၈ ရက်တွင် မွန်၊ ကရင်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေရာအနှံ့အပြား မိုးအလွန်ကြီးနိုင်ပြီး အထူးသဖြင့် သိမ်ဇရပ်၊ ချောင်းဆုံ၊ ကျိုက်ခမီ၊ သံဖြူဇရပ်၊ ကျိုက်ဒုံ၊ ရေးနှင့် ထားဝယ် မြို့နယ်များတွင် မိုးအလွန်သည်းထန်နိုင်သည်။

ထို့ပြင် ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်လည်း မိုးအသင့်အတင့်မှ မိုးကြီးနိုင်ကာ လာမည့် ၂ ရက်အတွင်းတွင်လည်း အဆိုပါ ဒေသများတွင် မိုးဆက်လက် အားကောင်းနေမည် ဖြစ်သည်။

မြစ်ရေအခြေအနေများနှင့် ပတ်သက်၍ ဘားအံမြို့၏ သံလွင်မြစ်ရေနှင့် မဒေါက်မြို့၏ စစ်တောင်း မြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက် ရောက်ရှိနေဆဲဖြစ်ပြီး ရွှေကျင်မြစ်ရေ သည်လည်း စိုးရိမ်ရေအမှတ်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ကြောင့် ဘားအံ၊ ရွှေကျင်နှင့် မဒေါက်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းကျရောက်ပါက တစ်နာရီလျှင် မိုင် ၃၅ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ လှိုင်းကြီးနိုင်သဖြင့် ပင်လယ်ပြင် ခရီးသွားများနှင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများ ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် သတိပေးထားသည်။

အလားတူ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင်လည်း လကုန်ပိုင်းအထိ မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပြီး တစ်နာရီလျှင် မိုင် ၂၀ မှ ၂၅ မိုင်အထိ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *