PSM(News)

ဩဂုတ် ၂၇ ၊ ၂၀၂၆

မန္တလေးမှ ဆန်တက်လာသည့် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာသော စစ်အုပ်စု၏ ထောက်ပို့ ရေယာဉ်အုပ်စုကြောင့် ရွှေကူနှင့် ကသာမြို့ကြားရှိ ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သို့ ရောက်ရှိနေသည့် စစ်အုပ်စု၏ ရေယာဉ်အုပ်စုသည် ယနေ့ နံနက်အစောပိုင်းတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့ဘက်သို့ ဆက်လက်ဆန်တက်လာရာ မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးယူပေးနေသည့် စစ်အုပ်စု စစ်ကြောင်းများကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။

“ငါးဘတ်ဝနဲ့ အထက်ဝဲမ တစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်။ ဒီလောက်ပဲ ပြောနိုင်ဦးမယ်” ဟု ရွှေကူ – ကသာကြား တိုက်ပွဲဖြစ်ပွားနေမှုကို KIA စစ်ရေးသတင်းရင်းမြစ်က PSM ကို အတည်ပြု ပြောကြားသည်။

ထို့ပြင် အာဏာလု စစ်အုပ်စုသည် ရွှေကူမြို့နှင့် ဗန်းမော်မြို့ကြားရှိ ဇင်ဘုံရွာနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် စင်ခမ်းတံတားဆီသို့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှနေ၍ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိရာ တော်လှန်ရေးတပ်ဖွဲ့များက အကောင်းဆုံး ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ရွှေကူ – ဗန်းမော်ကြားရှိ သင်္ဘောအင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု စစ်ကြောင်းသည်လည်း KIA ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စက်လှေ ၁ စီး နစ်မြှုပ်ကာ အထိနာနေကြောင်း စစ်ရေးရင်းမြစ်ထံမှ သိရသည်။

အဆိုပါ စစ်အုပ်စု၏ ရေယာဉ်အုပ်စုသည် ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က မန္တလေးမြို့မှ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီးတို့ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာ ပေးပို့နိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက် (ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *