PSM(News) မတ် ၂၈ ၊ ၂၀၂၀ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်မြောက်ချိန်အထိ ပြန်လည်ထူထောင်ရန် ကြိုးပမ်း နေသည့် လူထုမှာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်းများကြောင့် ငတ်မွတ်ခေါင်း ပါးမှု အန္တရာယ်နှင့် ထပ်မံရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့ မတ် ၂၇ ရက်စွဲဖြင့် သတိပေးထုတ်ပြန်သည်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ၏ နောက်ဆက်တွဲအဖြစ် စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် မြေသြဇာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများနှင့် စစ်ဘေးရှောင် မိသားစုများကဲ့သို့သော ထိခိုက်လွယ်သည့်အခြေအနေရှိသူများကို ပိုမိုဆိုးရွားသည့် အခြေအနေသို့ တွန်းပို့နေခြင်းဖြစ်သည်။ WFP ၏ လေ့လာစစ်တမ်းများအရ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ခြောက်အိမ်ထောင်လျှင် တစ်အိမ်နှုန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ပြင်းထန်စွာ ရင်ဆိုင် နေရဆဲဖြစ်သည်။ “ငလျင်ဒဏ်ကနေ အနိုင်နိုင်ပြန်ထူနေရတဲ့ ပြည်သူတွေဟာ အခုတစ်ခါ ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှု တွေကြောင့် ထပ်ပြီး အထိနာနေရပြန်ပြီ။ ဒါဟာ မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံး အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ WFP ညွှန်ကြားရေးမှူး မိုက်ကယ် ဒန်းဖို့ဒ်က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ကြီးမြင့်လာကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ပိုမိုမြင့်တက်စေခဲ့သည်။ ထို့ပြင် မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်နေသည့် တောင်သူများအတွက်လည်း မြေသြဇာနှင့် စိုက်ပျိုးစရိတ်များမှာ ယခင်နှစ်ထက် နှစ်ဆနီးပါး မြင့်တက်လာဖွယ်ရှိသဖြင့် စိုက်ပျိုးရေးကဏ္ဍကို ခြိမ်းခြောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ ဒသမ ၄ သန်း (နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့်) မှာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်လျက်ရှိသည်။ WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ ၁ ဒသမ ၅ သန်းကို အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁၅၀ သန်း အရေးပေါ်လိုအပ်နေကြောင်းနှင့် ရန်ပုံငွေလုံလောက်မှုမရှိပါက အသက်ကယ်ဆယ်ရေး လုပ်ငန်းများကိုသာ ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်သဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လျော့ကျသွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Post navigation ၅ နှစ်အတွင်း ဗုံးကြဲမှု ၇,၀၀၀ နီးပါးရှိလာ၊ စစ်အုပ်စုထံ လေယာဉ်ဆီစီးဝင်မှု အာဆီယံနှင့် နိုင်ငံတကာ အရေးပေါ်ပိတ်ဆို့ရန် Blood Money တောင်းဆို မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အန္တရာယ်ရှိအဆင့်သို့ ရောက်ရှိနိုင်သဖြင့် ကျန်းမာရေး သတိပြုရန် NUG သတိပေး