PSM(News)

မတ် ၂၇၊ ၂၀၂၆

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၄,၃၀၀ နီးပါး သေဆုံးခဲ့ရကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ယမန်နေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။

စစ်အုပ်စုသည် ၎င်းတို့အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆,၉၈၆ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၄,၂၉၉ ဦး သေဆုံးခဲ့သည်။

အထူးသဖြင့် ၂၀၂၆ ခုနှစ် မတ်လအတွင်း၌ပင် ကရင်၊ ရခိုင်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် လူအစုအလိုက်အပြုံလိုက် သေဆုံးရသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သဖြင့် ပြည်သူ ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် လက်ရှိတွင် စစ်အုပ်စုသည် အရပ်ဘက်သုံး လေယာဉ်ဆီများကို အဓမ္မသိမ်းယူကာ အရပ်သား များကို ဗုံးကြဲရန် အသုံးပြုနေသော်လည်း နိုင်ငံတကာအစိုးရများ၏ ထိရောက်သော အရေးယူမှု မရှိခြင်းနှင့် ပိတ်ဆို့မှုများ လှစ်ဟာနေခြင်းကြောင့် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ခွင့် ရနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် အာဆီယံ၊ အီးယူ၊ ယူကေနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စုထံ လေယာဉ်ဆီနဲ့ ရေကြောင်းအာမခံဝန်ဆောင်မှု ရရှိနေတာတွေကို ချက်ချင်းပိတ်ဆို့ရန်၊ စစ်အုပ်စုကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်မပြုရန်နှင့် အရပ်သားများကို ဦးတည်သည့် စစ်ရာဇဝတ်မှုများအတွက် ထိရောက်စွာ ပြစ်ဒဏ်ပေးရန်တို့ကို လုပ်ဆောင်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က တောင်းဆို ထားသည်။

စစ်အုပ်စုသည် နိုင်ငံတကာမျက်နှာစာတွင် တရားဝင်မှုရရှိရန် အတုအယောင်လွှတ်တော်များ ခေါ်ယူနေ သော်လည်း မြေပြင်တွင်မူ လေကြောင်းအားကိုးဖြင့် အရပ်သားပစ်မှတ်များကို ဆက်တိုက်သတ်ဖြတ် နေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed