PSM (News) ဩဂုတ် ၂၇၊ ၂၀၂၆ စစ်အုပ်စုက လယ်ယာ၊ သီးနှံနှင့် စားနပ်ရိက္ခာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးသည့် ရက်စက်သော “ဖြတ်လေးဖြတ်” မဟာဗျူဟာကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ ၁၂ သန်းကျော် အငတ်ဘေး အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စုထံ လက်နက်နှင့် လေယာဉ်ဆီ ဖြတ်တောက်ရေး အရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဩဂုတ် ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် ပြုလုပ်သည့် “Food Under Fire” အမည်ရှိ စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ တံခါးဖွင့် အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုသည် အရပ်သား ပြည်သူများ၏ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သော စိုက်ပျိုးမွေးမြူရေး အရင်းအနှီးများကို ဖျက်ဆီးခြင်း၊ ဈေးများကို ဗုံးကြဲခြင်းများ ပြုလုပ်နေသည့်အပြင် လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးချကာ ရေဘေးသင့် ပြည်သူများကို ကူညီသည့် သာမန်ပြည်သူများကိုပါ ဖမ်းဆီးချုပ်နှောင်နေကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့၏ ထုတ်ပြန်ချက်များအရ ယခုဩဂုတ်လအတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ ဒသမ ၄ သန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေရပြီး အရေးပေါ် အငတ်ဘေးအဆင့်သို့ ၁ သန်းခန့် ရောက်ရှိ နေကာ လာမည့် စက်တင်ဘာလတွင် ကလေးသူငယ် ၃၆၀,၀၀၀ ခန့် အာဟာရ ချို့တဲ့မည့် ဘေးနှင့် ကြုံတွေ့နိုင်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ အကျပ်အတည်းကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် လုံခြုံရေးကောင်စီအနေဖြင့် အရေးယူ ဆောင်ရွက်ရမည့် အချက် ၃ ချက်ကိုလည်း မြန်မာသံအမတ် ကြီးက တိုက်တွန်းပြောကြားခဲ့သည်။ ပထမအချက်အနေဖြင့် အရပ်သားများနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုအပေါ် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေသည့် စစ်အုပ်စုအား အပြည်ပြည်ဆိုင်ရာ ဥပဒေများ လိုက်နာလာစေရန် ဖိအား ပေးရမည်ဖြစ်ပြီး စစ်အုပ်စုအပေါ် လိုက်လျောခြင်းနှင့် မလျော်ကန်သော ထိတွေ့ဆက်ဆံမှုများသည် အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်ရန် တွန်းအားပေးရာ ရောက်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြခဲ့သည်။ ဒုတိယအချက်အနေဖြင့် လုံခြုံရေးကောင်စီ၏ နောက်ဆက်တွဲ ဆုံးဖြတ်ချက် ထပ်မံချမှတ်ကာ စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် စစ်ဘက်/အရပ်ဘက် နှစ်မျိုးသုံး နည်းပညာများ တင်ပို့နေမှုကို အမြန်ဆုံး ဖြတ်တောက်ရေး ထိရောက်သည့် ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ဆက်လက်၍ တတိယအချက်အဖြစ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၄၁၇ ပါ ကြိုတင်သတိပေး ယန္တရားများကို အကောင် အထည်ဖော်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှတစ်ဆင့် မြန်မာ့အရေးကို မဆိုင်းမတွ အစီရင်ခံ အရေးယူပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် ထည့်သွင်း တိုက်တွန်းခဲ့သည်။ ထို့အပြင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာ အကျပ်အတည်းသည် တရားမဝင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဇစ်မြစ်ဖြစ်သဖြင့် ရေတို အကူအညီပေးရုံဖြင့် ရေရှည် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ကြောင်း သံအမတ်ကြီးက အသိပေးခဲ့သည်။ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မိတ်ဖက် ဒီမိုကရေစီ အင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)အောက်တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး မြန်မာပြည်သူများ၏ ကြိုးပမ်းမှု အပေါ် နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါရန်လည်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။ ပုံစာ-ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပနေသည့် စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ တံခါးဖွင့် အစည်းအဝေးအား တွေ့ရစဉ်။ Post navigation ရန်ကုန်တွင် စစ်အုပ်စု၏ ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် Chinland FC ကစားသမား အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စု ထောက်ပို့ရေယာဉ်အုပ်စုကို KIA ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်၍ ရွှေကူနှင့် ကသာကြား တိုက်ပွဲများ ပြင်းထန်နေ