PSM (News) ဩဂုတ် ၂၇ ၊ ၂၀၂၆ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်၊ အပူပိုင်းမုန်တိုင်း နာရာ (NARRA)၏ လေဖိအားနည်းရပ်ဝန်းနှင့် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းမွန်မှု တို့ကြောင့် နိုင်ငံတစ်ဝန်း မိုးများပြီး မြစ်ရေများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ထိုင်းမိုးလေဝသ ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ အထူးသဖြင့် လာမည့် နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရခိုင်၊ မွန်နှင့် တနင်္သာရီတို့တွင် မိုးအလွန်များနိုင်သည့်အပြင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း၊ ကရင်နီနှင့် ချင်းတို့တွင် မိုးတိမ်တောင်များကြောင့် မိုးသက်လေပြင်းနှင့် မိုးကြိုးပစ်သည့် အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အထူးသတိပြုရန် လိုအပ်လျက်ရှိသည်။ မြစ်ရေကြီးမှု အခြေအနေများနှင့် ပတ်သက်၍ သံလွင်မြစ်ရေ (ဘားအံ)၊ သောင်းရင်းမြစ်ရေ (မြဝတီ)၊ ဘီးလင်းမြစ်ရေ (ဘီးလင်း) နှင့် ရွှေကျင်မြစ်ရေ (ရွှေကျင်) တို့သည် စိုးရိမ်ရေအမှတ်အနီးသို့ ပြန်လည်ရောက်ရှိနေပြီး ဩဂုတ် ၂၇ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရ သိရသည်။ အလားတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်အထက်၌ ဆက်လက်ရှိနေပြီး အနည်းငယ် ထပ်မံမြင့်တက်နိုင်ကာ၊ ဧရာဝတီမြစ်ရေသည် မင်းဘူးမှ ပြည်အထိ အနည်းငယ် မြင့်တက်လာနိုင်သည်။ ထို့ကြောင့် ဘားအံ၊ မြဝတီ၊ ဘီးလင်း၊ ရွှေကျင်နှင့် မဒေါက်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်း ကြိုတင်ပြင်ဆင်ကြရန် အကြံပြုထားသည်။ ထို့ပြင် လာမည့် စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်ဝန်းကျင်တွင် ပင်လယ်ဒီရေ မြင့်တက်မည့် အချိန်နှင့် တိုက်ဆိုင် နေသဖြင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် မွန်ပြည်နယ်တို့ရှိ မြစ်ချောင်းများအတွင်း ရေဆင်း နှေးကာ ရေကြီးရေလျှံမှု အန္တရာယ် ပိုမိုမြင့်မားလာနိုင်ကြောင်း သိရသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်နာရီလျှင် ၃၅ မိုင်အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ လှိုင်းကြီးနိုင်သဖြင့် ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားများအနေဖြင့် ပင်လယ်ပြင်သို့ သွားလာခြင်း မပြုကြရန် အထူးသတိပေးထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation ရေဘေးကြုံနေရသည့် ၁၅ ရက်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၈ ဦး သေဆုံး၊ စစ်ကိုင်းတိုင်းတွင် အဆိုးဝါးဆုံး ကြုံတွေ့ရ ရန်ကုန်တွင် စစ်အုပ်စု၏ ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် Chinland FC ကစားသမား အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ