PSM (News)

ဩဂုတ် ၂၆၊ ၂၀၂၆

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဩဂုတ် ၈ ရက်မှ ၂၃ ရက်အထိ ၁၅ ရက်အတွင်း အာဏာလု စစ်အုပ်စုက ဒေသ ၁၁ ခုကို လေကြောင်းမှ အကြိမ်ပေါင်း ၂၃၉ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၈၈ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။

စစ်အုပ်စု၏ ၁၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ၁၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၁၀ ခုနှင့် စာသင်ကျောင်း သုံး ကျောင်းအပါအဝင် ပြည်သူ့အဆောက်အအုံ ၁၅ ခု ပျက်စီးဆုံးရှုံးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်ခံရမှုများအနက် စစ်ကိုင်းတိုင်းသည် အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရပြီး မြို့နယ် ၁၄ မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀ အထိ ရှိခဲ့ကာ အရပ်သား ၃၇ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်တမံများမှ ရေလွှတ်မှု တို့ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ် ၂၅ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ဩဂုတ် ၂၁ ရက်အထိ NUG က သီးခြားကောက်ယူရရှိထားသည့် အစီရင်ခံစာများအရ ပြည်သူ ခြောက်သိန်းကျော် (၆၁၉,၇၆၈ ဦး) ရေဘေးသင့်ကာ သေဆုံးသူ ၃၂ ဦးနှင့် ပျောက်ဆုံးသူ ၂ ဦး ရှိနေသည်။

အာဏာလုစစ်အုပ်စုသည် အထူးသဖြင့် ရေဘေးကြောင့် ဒုက္ခရောက်နေသည့် ဝက်လက်၊ ခင်ဦးနှင့် ကန့်ဘလူ စသည့် မြို့နယ်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ အဆိုပါ လုပ်ရပ်များသည် အရပ်သားများကို ဗြောင်ကျကျ ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပုံစာ-စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ဆွဲလဲအိုကျေးရွာ တရားစခန်း ဩဂုတ် ၂၁ ရက်က ဗုံးကြဲ တိုက်ခိုက်ခံရမှု မြင်ကွင်း၊ ဩဂုတ်လအတွင်း စစ်ကိုင်တိုင်းရေနစ်မြုပ်မှုမြင်ကွင်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *