PSM (News)

ဩဂုတ် ၂၆ ၊ ၂၀၂၆

ဂျပန်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်မှ အနောက်ဘက်သို့ ဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် (SAUDEL) နှင့် အရှေ့ဘက်မှ လေဖိအားနည်းစနစ်များ အရှိန်ကြောင့် လာမည့် ဩဂုတ်လကုန်မှ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ဒေသတို့တွင် မိုးရက်ဆက်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

ထို့ကြောင့် ဒေသအလိုက် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမြေပြိုမှု အန္တရာယ်များကို ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ပြီး ဩဂုတ် ၂၆ ရက်မှစ၍ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည် နယ်မြောက်ပိုင်းတို့တွင်လည်း နေရာကွက် မိုးကြီးနိုင်ကြောင်း သိရသည်။

မြစ်ရေကြီးမှု အခြေအနေများနှင့် ပတ်သက်၍ ဘီးလင်းမြစ်ရေနှင့် သံလွင်မြစ်ရေတို့မှာ စိုးရိမ်ရေအမှတ် အနီးသို့ ရောက်ရှိနေပြီး ဩဂုတ် ၂၆ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ကြောင့် ဘီးလင်းမြို့နှင့် ဘားအံမြို့ ဝန်းကျင်ရှိ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားကြရန်လည်း အကြံပြု ထားသည်။

အလားတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်အထက်၌ ဆက်လက်ရှိနေဆဲ ဖြစ်သကဲ့သို့ ငဝန်မြစ်ရေမှာလည်း ငါးသိုင်းချောင်းနှင့် ပုသိမ်တို့တွင် အနည်းငယ် ပြန်လည်မြင့်တက် လာနိုင်ပြီး နေပြည် တော် တပ်ကုန်းရှိ ဆင်သေချောင်းဝန်းကျင်တွင်မူ စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့များအထိ မြစ်ရေမြင့်တက်နိုင်ခြေ ရှိနေသည်။

သောင်းရင်းမြစ်ရေ (မြဝတီ) နှင့် ရွှေကျင်မြစ်ရေတို့မှာ စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း သွားခဲ့ပြီး ဧရာဝတီမြစ်ရေသည် မန္တလေးမှ အောင်လံအထိလည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မလင်းတို့တွင်လည်းကောင်း အနည်းငယ် မြင့်တက်နိုင်ကာ ကျန်မြစ်ကြောင်းတစ်လျှောက်တွင် မြစ်ရေပြန်ကျနေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၃၅ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သည်။ ထို့ကြောင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားများအနေဖြင့် ပင်လယ်ပြင်သို့ သွားလာခြင်း မပြုကြရန် အထူးသတိပေးထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *