PSM(News)

ဩဂုတ် ၂၆၊ ၂၀၂၆

ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်ရန် ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု ရေယာဉ်စုကို လုံခြုံရေးယူပေးနေသော စစ်ကြောင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စက်လှေ နှစ်စင်း နစ်မြှုပ်သွားပြီး တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံး အထိနာခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က PSM (News) ကို အတည်ပြု ပြောကြားသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် ၂ မိုင်ခန့်အကွာရှိ သင်္ဘောအင်းကျေးရွာသို့ ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက် ညနေပိုင်းတွင် ကမ်းကပ်ရန် ကြိုးပမ်းသည့် စစ်အုပ်စု၏ စက်လှေအား ဒရုန်းဖြင့် ပထမအကြိမ် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ကမ်းကပ်လာတဲ့အချိန်မှာ ဒရုန်းနဲ့ တိုက်တာ။ တိုက်ခံရလို့ စက်လှေက ကမ်းမကပ်နိုင်ဘဲ နစ်မြှုပ်လာချိန်မှာ ဖော့လှေငယ်လေးနဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်။ အဲဒီ ဖော့လှေပါ ကမ်းကပ်ခါနီးမှာ ဒရုန်းဗုံး ထပ်မှန်ခံရလို့ မြှုပ်သွားတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများကို ရွှေကူမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် ဧရာဝတီမြစ်ကမ်းဘေး တောစပ်များတွင် ပုန်းအောင်း နေသဖြင့် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် KIA ပူးပေါင်းတပ်များက ထပ်မံ ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။

“စစ်အုပ်စုက အနာတရဖြစ်တဲ့သူတွေကို ရွှေကူဘက် ပြန်ပို့ပြီး ကျန်တဲ့သူတွေ မြစ်ကမ်းတောစပ်မှာ ပုန်းနေကြတာ။ ဒီမနက်ကျတော့ KIA တပ်ဖွဲ့ဝင်တွေက သွားရောက် ပစ်ခတ်ရာကနေ တိုက်ပွဲ ထပ်ဖြစ်တာ။ စက်လှေမြှုပ်တဲ့ နေရာက ရေပေါ်မှာဖြစ်ပြီး တိုက်ပွဲထပ်ဖြစ်တာက ကုန်းပေါ်မှာ ဖြစ်တာပဲ ကွာပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

တိုက်ခိုက်ခံရသည့် အဆိုပါ စစ်ကြောင်းသည် မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကူနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင်လာသည့် စစ်အုပ်စု ရေယာဉ်စုကို လုံခြုံရေးယူပေးရန် မြစ်ကမ်းဘေးအတိုင်း စစ်ကြောင်းထိုး လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။

အဆိုပါ စစ်အုပ်စု ရေယာဉ်စုသည် ဩဂုတ် ၂၁ ရက်တွင် မန္တလေးမြို့မှ စတင်ထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်သို့ ဆန်တက်လာခြင်းဖြစ်ရာ ယခုအခါ စစ်ကိုင်း တိုင်းအထက်ပိုင်း ကသာမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်း မြစ်များထံမှ သိရသည်။

ပုံစာ- K IA ပူပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်နေသည့် မြင်ကွင်း။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *