PSM (News)

ဩဂုတ် ၂၅၊ ၂၀၂၆

မန္တလေးမြို့နှင့် ၈ မိုင်ခန့်သာ ဝေးကွာသော မတ္တရာမြို့နယ် အနောက်တောင်ခြမ်းရှိ အာဏာလုစစ်အုပ်စု၏ အထိုင်စခန်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ခြောက် ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မတ္တရာမြို့နယ် အနောက်တောင်ခြမ်းရှိ ကြိမ်တောကျေးရွာနှင့် ကုန်းတန်းကြီးကျေးရွာတို့တွင် အင်အား ၃၀ ဝန်းကျင်ဖြင့် အထိုင်ချတပ်စွဲထားသည့် အာဏာလုစစ်တပ် အထိုင်စခန်းများကို ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း အာဏာလုစစ်အုပ်စု တပ်ဖွဲ့ဝင် ခြောက် ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင် တွေ့ရှိခဲ့သည့်အပြင် နောက်ရက်တွင်လည်း ခြုံတောများအတွင်း သေဆုံးနေသည့် ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲစတင်ချိန်တွင် အာဏာလုစစ်တပ်ဘက်မှ စစ်သား ခြောက် ဦးမှာ ပြည်သူပိုင်အိမ်များကြားမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး MA-11 တစ်လက်၊ MA-2 တစ်လက်၊ စစ်ဦးထုပ်၊ မှန်ဘီလူးနှင့် အခြားခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ (တိုက်ခိုက်ရေးတပ်ခွဲ ၁၊ ၂၊ ၃)၊ မန်းခရိုင် ပကဖ၊ ပုသိမ်ကြီး မြို့နယ် ပကဖ၊ ချမ်းမြသာစည်မြို့နယ် ပကဖ၊ မဟာအောင်မြေမြို့နယ် ပကဖ၊ အောင်မြေသာစံမြို့နယ် ပကဖ နှင့် Generation Z Power – GZP (MDY) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဘဲ အဆိုပါ စစ်တပ် အထိုင်စခန်းများကို ပကဖ ပူးပေါင်းတပ်ဖွဲ့များက ခေတ္တထိန်းချုပ်နိုင်ခဲ့ပြီးနောက် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *