PSM(News)

ဩဂုတ် ၂၅၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ထိန်းချုပ်ထားသည့် Well-2 ရေနံမြေကို အင်အား ၇၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေသော အာဏာလုစစ်တပ် အထိနာနေသဖြင့် လေကြောင်းတိုက်ခိုက်မှုများ အလွန်အကျွံ ပြုလုပ်နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်း အမြစ်ထံမှ သိရသည်။

Well-2 ရေနံမြေသို့ စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စုကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက “တမာမြေစစ်ဆင်ရေး” ဖြင့် ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

“တိုက်ပွဲကတော့ ပြင်းထန်တယ်။ ဒီနေ့ဆိုရင် ဖိုက်တာ ဂျက်တိုက်ယာဉ် နှစ် စီး ပြိုင်လာတယ်။ ဖိုက်တာပြီးတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ် စီးပါ လာပြီးတော့ တိုက်ခိုက်တာ။ အဲဒါကို ကြည့် ခြင်းအားဖြင့် တိုက်ပွဲမှာ သူတို့ အထိနာနေတယ်လို့ ယူဆရတယ်။ အထိနာတာကတော့ ကြိမ်းသေ ဖြစ်လိမ့်မယ်။ ဒီနေ့ဆိုရင် လေယာဉ်တွေ အလွန်အကျွံ သုံးလာတာ တွေ့ရတယ်” ဟု စစ်ရေးအရင်း အမြစ်က PSM ကို ပြောသည်။

အဆိုပါ စစ်ကြောင်းသည် Well-2 ရေနံမြေနှင့် ၂ မိုင်ခန့်အကွာတွင်ရှိသော တောင်စုံကျေးရွာမှ ထွက်ခွာလာခြင်းဖြစ်ပြီး ရေနံမြေ၏ အနောက်ဘက်မှ ချဉ်းကပ်လှုပ်ရှားနေခြင်းဖြစ်ကြောင်း မြေပြင် စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

“တောင်စုံကနေ Well-2 အနောက်ဘက် နေရာတွေကို ရောက်နေတာ။ ရေနံမြေထဲကို တိုက်ရိုက်မဝင်ဘဲ အနောက်ဘက်ကနေ ပတ်နေတဲ့ သဘော။ သူတို့က စခန်းဟောင်းရဲ့ အနောက်ဘက်တွေမှာ ရောက်နေ တာ။ ရှေ့ကို တိုက်ရိုက် မလာဘဲ ရေနံမြေကို ကွင်းပတ်ပြီး အနောက်ဘက်ကနေ နေရာယူထားတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းကလည်း ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နှင့် မြိုင်မြို့နယ် စက်မှု (၂) တို့မှ ပူးပေါင်းအင်အား ၁,၀၀၀ ခန့်သည် ရေနံမြေများနှင့် ၅ မိုင်ခန့်အကွာရှိ သင်းမကျေးရွာတွင် အခြေချကာ ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တပ်လန်ဆုတ်ခွာခဲ့ရသည်။

ယခုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြိုင်မြို့နယ် အနောက်ပိုင်းရှိ ရေနံမြေများကို အာဏာလုစစ်တပ်က ဒုတိယအကြိမ် ပြန်လည်ထိုးစစ် ဆင်လာခြင်းဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *