PSM (News) ဩဂုတ် ၂၅ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းကလေးကျေးရွာအတွင်း အာဏာလုစစ်အုပ်စု လက်အောက်ခံ မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်နှင့် ရှမ်းနီတပ်ဖွဲ့ (SNA) တို့ သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၂၅ လောင်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက PSM (News) ကို အတည်ပြု ပြောကြားသည်။ အာဏာလုစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ခွင့်ပြုချက်ဖြင့် စစ်ဘေးရှောင်နေသည့် မှော်ဝမ်း ကလေးကျေးရွာမှ ရွာသားများသည် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်က ရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ကာ အိမ်ဝိုင်းနှင့် ခြုံနွယ်များ ရှင်းလင်းစဉ် မြေကြီးအတွင်း မြှုပ်နှံထားသည့် မသင်္ကာဖွယ် ရုပ်အလောင်းများကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ရွာသားတွေက မှော်ဝမ်းကလေးကျေးရွာကနေ စစ်ရှောင်နေတာ သုံးနှစ်လောက်ရှိပြီ။ စစ်တပ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ရွာသားတွေကို ပြန်လည်နေထိုင်ခွင့်ရပြီလို့ ခွင့်ပြုလို့ ရွာသားတွေ ပြန်လာနေထိုင်ရင်း ခြံရှင်းရာကနေ လူသေတွေ မြှုပ်ထားတဲ့ မြေအနေအထားတွေတွေ့တယ်၊ ဒါကြောင့် အရပ်ဘက် အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာ လူကြီးတွေကို အကြောင်းကြားပြီး တူးဖော်ရာမှာ အလောင်းတွေ တွေ့ရတာ” ဟု ဖားကန့် ဒေသခံတစ်ဦးက PSM ကို ပြောသည်။ စစ်တပ် လက်အောက်ခံ မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်နှင့် SNA တို့သည် မှော်ဝမ်းကလေး ရွာတွင် ၂၀၂၅ ခုနှစ် ဇွန်လကတည်းက ယခုအချိန်ထိ တပ်စွဲထားခြင်း ဖြစ်၍ အဆိုပါ သတ်ဖြတ်မှုများမှာ မင်းဇေသန့် တပ်ဖွဲ့နှင့် SNA တို့၏ လုပ်ရပ်ဖြစ်ကြောင်း စစ်ရေးသတင်း အရင်းအမြစ်က ဆိုသည်။ “အများစုက အရပ်သားတွေ ဖြစ်မယ်။ ဖမ်းမိတဲ့ KIA နဲ့ KPDF တွေလည်း ပါနိုင်တယ်။ တရားခံကတော့ ဝါရာဇွပ် ပြည်သူ့စစ်နဲ့ SNA ဖြစ်တယ်။ ၂၅ လောင်းလို့ သိရတယ်။ အိမ်စောင့်ကျန်ခဲ့တဲ့ ရွာသားတွေပါ အကုန် အသတ်ခံရတဲ့ သဘောရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ တူးဖော်တွေ့ရှိသည့် ရုပ်အလောင်းများသည် မည်သည့်နေ့ရက်များတွင် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည် နှင့် မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကိုမူ လက်ရှိအချိန်ထိ သိရှိရခြင်းမရှိသေးပေ။ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကလည်း မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမ ကြီးပေါ်ရှိ နောင်းမီကျေးရွာမှ ဒေသခံ လေးဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ ပုံစာ- မှော်ဝမ်းကလေးကျေးရွာတွင် တူးဖော် တွေ့ရသည့် ရုပ်အလောင်းများ Post navigation အပူပိုင်းမုန်တိုင်း နာရာ နှင့် မုတ်သုံလေ အားအလွန်ကောင်းမှုကြောင့် စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်း တစ်လျှောက် ရေကြီးနိုင်ပြီး ပင်လယ်ပြင် လှိုင်းအလွန်ကြီးမည် မြိုင်မြို့နယ် Well-2 ရေနံမြေကို ထိုးစစ်ဆင်လာသည့် စစ်တပ် အထိနာနေပြီး လေကြောင်း တိုက်ခိုက်မှုများ အလွန်အကျွံ အသုံးပြုနေ