PSM (News) ဩဂုတ် ၂၅ ၊ ၂၀၂၆ တုံကင်ပင်လယ်ကွေ့အတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နာရာ(NARRA) နှင့် မုတ်သုံလေ အားအလွန်ကောင်းမွန်မှုကြောင့် စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်းတစ်လျှောက် ဒေသအလိုက် မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အဆိုပါ မိုးလေဝသဖြစ်စဉ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများကို တိုက်ရိုက်သက် ရောက်နေကြောင်း ထိုင်းနှင့် အိန္ဒိယ မိုးလေဝသဌာနတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထို့ကြောင့် ပဲခူးရိုးမ၊ မွန်၊ ကရင်နှင့် အရှေ့ဘက် တောင်ကုန်းတောင်တန်းဒေသများတွင် တောင်ကျရေစီး ဆင်းခြင်းနှင့် မြေပြိုခြင်းများ သတိပြုရန် လိုအပ်လျက်ရှိသည်။ ထို့ပြင် အထက်ပိုင်းမှ စီးဝင်လာမည့် ရေလှိုင်းများကြောင့် ချင်းတွင်းနှင့် ဧရာဝတီမြစ်များတွင်လည်း မြစ်ရေမြင့်တက်လာနိုင်ကြောင်း သိရသည်။ ယနေ့ ဩဂုတ် ၂၅ ရက်တွင် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ ကရင်၊ မွန်၊ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင် ပြည်နယ်တို့၌ မိုးအလွန်များနိုင်သည်။ ထို့ကြောင့် ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နှင့် ဒေါ့ဖုန်းယန် မြို့နယ်တို့တွင် တစ်နေ့တာ မိုးရေချိန် ၄ လက်မအထိ ရှိနိုင်ကာ ရခိုင်၊ ဧရာဝတီ၊ တနင်္သာရီနှင့် ရှမ်းပြည်နယ် တို့တွင်လည်း နေရာအနှံ့အပြား မိုးများနိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက်များအရ သိရသည်။ မြစ်ရေကြီးမှုများအနေဖြင့် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ၃ ပေနီးပါး၊ သောင်းရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁ ပေခန့် ကျော်လွန်နေကာ ဆက်လက်မြင့်တက်နိုင်ပြီး ရွှေကျင်မြစ်ရေသည်လည်း မကြာမီတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလ ထံမှ သိရသည်။ ထို့ကြောင့် မဒေါက်၊ မြဝတီနှင့် ရွှေကျင်မြို့နယ်တို့မှ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်း ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။ ထို့အတူ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်တို့တွင်လည်း တစ်နာရီ ၃၅ မိုင်အထိ မိုးသက်လေပြင်း တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၁၃ ပေအထိ အလွန်ကြီးနိုင်သဖြင့် ရေကြောင်းသွားလာမှုများနှင့် ရေလုပ်ငန်းများကို လုံးဝမပြုလုပ်ကြရန် သတိပေးထားသည်။ ဓာတ်ပုံ-မိုး/ဇလ Post navigation ကရင်နီထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်တပ်၏ အရက်၊ ဘီယာနှင့် ဆေးလိပ်ထုတ်ကုန်များ ရောင်းဝယ်သုံးစွဲသူများကို အရေးယူမည်ဟု သတိပေး ဖားကန့်၊ မှော်ဝမ်းကလေးရွာ၌ စစ်တပ် လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်နှင့် SNA သတ်ဖြတ် ထားသည့် ရုပ်အလောင်း ၂၅ လောင်း တူးဖော်တွေ့ရှိ