PSM (News)

ဩဂုတ် ၂၄ ၊ ၂၀၂၆

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေများအတွင်း အာဏာလုစစ်တပ်နှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်နေသော အရက်၊ ဘီယာနှင့် ဆေးလိပ် ထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းများပြုလုပ်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းအုပ် ချုပ်ရေး ကောင်စီများက သတိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ကန့်သတ်တားမြစ်ထုတ်ကုန်များမှာ အာဏာလုစစ်တပ် ပိုင်ဆိုင်သည့် ဒဂုံဘီယာ (Dagon Beer)၊ မြန်မာဘီယာ (Myanmar Beer) ၊ ဘလက်ရှီးဘီယာ (Black Shield Beer)၊ အက်ဒမန်ဘီယာ (Andaman Beer)၊ မန္တလေးဘီယာ (Mandalay Beer) စသည့် အဖျော်ယမကာများနှင့် ပရီမီယမ်ဂိုးလ် (Premium Gold)၊ ရက်ရူဘီ (Red Ruby) စသည့် စီးကရက် ထုတ်ကုန်များ ဖြစ်သည်။

လက်ရှိကာလတွင် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း တားမြစ်ကုန်စည်များကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ရောင်းဝယ်လာသည်ကို တွေ့ရှိရသဖြင့် ထိုလုပ်ငန်းများမှ ရရှိသည့် စီးပွားရေး အကျိုးအမြတ်များ အာဏာလုစစ်တပ်ထံ တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ပံ့ပိုးမှု မဖြစ်စေရန် အတွက် ယခုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပြည်သူများ မဖြစ်မနေ သုံးစွဲရသည့် အခြေခံ သုံးကုန်စည်များမှလွဲ၍ အာဏာလုစစ်တပ်နှင့် တိုက်ရိုက် ပတ်သက်နေသော ထုတ်ကုန်များကို သယ်ယူခြင်း၊ ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းများ မပြုလုပ်ကြဘဲ စစ်အာဏာရှင်စနစ် တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီပြည် ရဲဌာန၊ Local PDF များ အပါအဝင် ဒေသတွင်း မြို့နယ်ပူးပေါင်း အုပ်ချုပ်ရေးကောင်စီများက ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်စွဲဖြင့် ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *