PSM (News)

ဩဂုတ် ၂၅၊၂၀၂၆

ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး အွန်လိုင်းလက်လီရောင်းချရေးကုမ္ပဏီဖြစ်သည့် Ozon ပိုင်ဆိုင်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်ရုံဗဟိုဌာနများကို ယူကရိန်းနိုင်ငံက ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း Reuters သတင်းဌာန တွင် ဖော်ပြထားသည်။ ဤတိုက်ခိုက်မှုများသည် စစ်ပွဲဒဏ်ကြောင့် ထိခိုက်နေသော ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် ပိုမိုထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ အွန်လိုင်းလက်လီကုမ္ပဏီများအပေါ် ဒရုန်းဖြင့် တိုက်ခိုက်သည့် မငြိမ်မသက်မှုများကို ကျယ်ပြန့်လာစေခြင်း ဖြစ်သည်။

တောင်ပိုင်းရုရှားဒေသများတွင် တိုက်ခိုက်ခံရမှုများရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် တနင်္လာနေ့တွင် Ozon ၏ ရှယ်ယာတန်ဖိုးများ သိသိသာသာ ကျဆင်းသွားခဲ့ပြီး ပြီးခဲ့သည့် သုံးရက်အတွင်း ၎င်း၏ သိုလှောင်ရုံ ခြောက်ခုအထိ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယခုသတင်းပတ်မတိုင်မီအထိ ယူကရိန်းအစိုးရသည် အွန်လိုင်းကဏ္ဍကို တိုက်ခိုက်ရာတွင် Ozon ၏ ပြိုင်ဘက်ဖြစ်သော Wildberries ကုမ္ပဏီကိုသာ အဓိက ပစ်မှတ်ထားခဲ့သည်။ ရုရှား၏ စီးပွားရေးတွင် အလျင်မြန်ဆုံး ကြီးထွားလာနေသည့် အဆိုပါ E-commerce ကဏ္ဍသည် ယူကရိန်းစစ်ပွဲ ၄ နှစ်ခွဲကျော်ကြာမြင့်လာချိန်တွင် တုံ့နှေးနေဆဲဖြစ်သော ရုရှားစီးပွားရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဒါဂေါစတန် (Dagestan) ပြည်နယ်၊ မက်ခါချ်ကာလာ (Makhachkala) မြို့ရှိ Ozon ၏ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာနတစ်ခုသည် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းခဲ့ကာ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းခဲ့ရကြောင်း၊ “မူလအစောပိုင်း သတင်းအချက်အလက်များအရ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟု Ozon က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ကာ့စနိုဒါ (Krasnodar) မြို့စွန်ရှိ အီနမ် (Enem) မြို့ရှိ Ozon သိုလှောင်ရုံတွင်လည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဒီဂျေယာ (Adygeya) ဒေသနှင့် ਸတရာဗိုပိုလ် (Stavropol) ဒေသရှိ သိုလှောင်ရုံများမှ ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မော်စကိုစတော့အိတ်ချိန်းတွင် တနင်္လာနေ့က Ozon ၏ ရှယ်ယာများ ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး ၎င်း၏ အဓိကရှယ်ယာရှင်ဖြစ်သော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ AFK Sistema ၏ ရှယ်ယာများလည်း ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *