PSM (News)

ဇူလိုင် ၂၅၊၂၀၂၆

အိန္ဒိယနိုင်ငံတွင် စာမေးပွဲမေးခွန်းများ ပေါက်ကြားမှုကြောင့် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ အစိုးရအပေါ် လူငယ်များက ဦးဆောင်၍ ပြင်းထန်စွာ ဆန္ဒပြလျက်ရှိသည်။

အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သက်၍ အစိုးရနှင့် ဆန္ဒပြခေါင်းဆောင်များအကြား ဇူလိုင် ၂၄ ရက် က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီး ဓါမန်ဒြာ ပရာဒန် နုတ်ထွက်ပေးရေး တောင်းဆိုချက်အပေါ် စနေနေ့မွန်းလွဲပိုင်းအထိ အချိန်ပေးရန် အစိုးရဘက်က တောင်းခံခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဆွေးနွေးပွဲများ မပြုလုပ်မီ နာရီပိုင်းအလိုက တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချပ် သည် ၎င်း၏ ၂၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့သဖြင့် နှစ်ဖက်ဆွေးနွေးမှုများ အောင်မြင်လာမည်ဟူသော မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။

နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ: ဒေလီမြို့တော်ရှိ Jantar Mantar တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေးနေကြပြီး အနောက်ဘင်္ဂလား၊ တီလန်ဂါနာ၊ ကာနာတက နှင့် တမီးလ်နာဒူး ပြည်နယ်များတွင်လည်း ဆန္ဒပြမှုများ ပျံ့နှံ့လျက်ရှိသည်။ဒေလီ မက်ထရိုဘူတာ ၁၇ ခုကို ပိတ်ထားခဲ့ပြီး အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားသည်။

“အစိုးရအနေဖြင့် ပညာရေးဝန်ကြီးကို အမြန်ဆုံး တာဝန်မှ ဖယ်ရှားပေးလိမ့်မည် သို့မဟုတ် ကိုယ်တိုင် နုတ်ထွက်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်” ဟု CJP ပြောရေးဆိုခွင့်ရှိသူ အရှူတော့ ရန်ကာ က ပြောကြားခဲ့သည်။

ယခုကဲ့သို့ လူငယ်များ ဦးဆောင်သော ဆန္ဒပြလှုပ်ရှားမှုများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့တွင် အစိုးရများကို ပြုတ်ကျစေခဲ့ဖူးသဖြင့် မိုဒီအစိုးရအတွက် နိုင်ငံရေးအရ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *