PSM (News)

ဇူလိုင် ၂၅၊၂၀၂၆

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် ဒေသတွင် သောကြာနေ့က ရုရှား၏ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများနှင့် စက်မှုလုပ်ငန်း ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကPatriot လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ Raytheon မှ အကြီးတန်း ကိုယ်စားလှယ်များကို ကိယက်ဗ်မြို့တွင် လက်ခံတွေ့ဆုံပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲသို့ ၎င်းတို့၏ ဝန်ထမ်းများ တက်ရောက်ခဲ့ခြင်း ရှိမရှိ မေးမြန်းထားသော အီးမေးလ် ပေးပို့မှုအပေါ် Raytheon ကုမ္ပဏီက ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

တိကျသည့် ပစ်မှတ်ကို အမည်ဖော်ပြခြင်း မရှိခဲ့သော သမ္မတ ဇလန်းစကီးက ဖြစ်ပျက်ခဲ့မှု အခြေအနေများကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လက်ရှိတွင် ယူကရိန်းဒေသတွင်း၌ ရုရှား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါတယ်” ဟု ၎င်းက တယ်လီဂရမ်တွင် ရေးသားဖော်ပြခဲ့သည်။

ကိုးကား-SCMP

By Htet Ko