PSM (News) စက်တင်ဘာ ၁၂၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာ ဝန်းကျင်တွင် အခြေချ ထိုးစစ်ဆင်နေသည့် အာဏာလု စစ်အုပ်စု တပ်ရင်း သုံး ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက တိုက်ထုတ်နိုင်ခဲ့ပြီး အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်း မြစ်ထံမှ သိရသည်။ စစ်အုပ်စုသည် KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ရွှေကူမြို့နှင့် မိုင် ၂၀ ခန့်အကွာတွင် ရှိသော ဇင်းဘုံကျေးရွာ ဝန်းကျင်၌ တပ်ရင်း သုံး ရင်းဖြင့် အခြေချကာ ကျေးရွာအတွင်းသို့ ထိုးစစ်ဆင်နေ ခြင်းဖြစ်သည်။ “KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဇင်းဘုံ တဝိုက်က စစ်အုပ်စုတပ်တွေ ဆုတ်သွားတယ်။ အလောင်းနဲ့ လက်နက်တွေ သိမ်းပိုက်ရရှိပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က PSM ကို ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ဇင်းဘုံရွာ အနောက်ဘက်ရှိ စစ်အုပ်စု အထိုင်ချထားသည့် ခြေကုပ် စခန်းကုန်းကို ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည့်အတွက် ယခုအခါ ဇင်းဘုံရွာ တဝိုက်တွင် စစ်အုပ်စု စစ်ကြောင်းများ ကင်းရှင်းသွားပြီ ဖြစ်ကြောင်း စစ်ရေးရင်းမြစ်က ဆက်လက်ပြောကြားသည်။ ထို့အပြင် ဇင်းဘုံရွာနှင့် ၁၀ မိုင်ခန့်အကွာတွင် ရှိသော ဧရာဝတီမြစ်ကူး စင်ခန်းတံတားကို စစ်အုပ်စုက စက်တင်ဘာလ ၉ ရက်နေ့တွင် အင်အား ၁၅၀ ဖြင့် ထိုးစစ်ဆင်ခဲ့ရာ KIA ပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန် တိုက်ထုတ်မှုကြောင့် စစ်အုပ်စုဘက်မှ ၁၉ ဦး သေဆုံးကာ ဆုတ်ခွာခဲ့ရသည်။ စစ်အုပ်စုသည် ရွှေကူ – ဗန်းမော် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ဇင်းဘုံရွာနှင့် စင်ခန်းတံတား တို့ကို အဓိက ထိုးစစ်ဆင်နေသော်လည်း KIA ပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန် စစ်ဆင်မှု ကြောင့် စစ်ကြောင်းများ တပ်လန်ကာ အထိနာနေခြင်း ဖြစ်သည်။ ဇင်းဘုံသည် ရွှေကူမြို့နယ်၏ အထက်ပိုင်းဘက်သို့ ဆက်သွယ်သွားလာနိုင်သည့် ဧရာဝတီမြစ်ကြောင်း အနီးတွင် တည်ရှိပြီး စစ်အုပ်စုသည် ၎င်းတို့၏ စစ်ရေယာဉ်များနှင့် စစ်သင်္ဘောများအတွက် ကုန်းပိုင်း လုံခြုံရေးပေးရန် တပ်စခန်းများ တည်းဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ လမ်းပိုင်းအတွင်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် အသွားအလာ အထူးသတိပြုကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။ ပုံစာ-KIA ပူးပေါင်း တပ်ဖွဲ့ဝင်များ (ပုံဟောင်း) Post navigation တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် မြန်မာနိုင်ငံ အထက်ပိုင်း မိုးလျော့မည်ဖြစ်သော်လည်း အောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန် လိုအပ်