PSM (News)

စက်တင်ဘာ ၁၂၊၂၀၂၆

ထိုင်းနိုင်ငံ၊ပတ္တယားမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့်စက်တင်ဘာလ ၁၀ ရက်နေ့တွင် နှစ်နာရီကျော်ကြာ မြို့အနှံ့ ရေကြီးရေလျှံမှုများနှင့် ပြင်းထန်သော ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးလေဝသဌာန၏ မိုးသည်းထန်စွာ ရွာသွန်းမည့် သတိပေးချက်အရ အဆိုပါ ရာသီဥတုအခြေအနေများသည် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံတစ်ဝှမ်းသက်ရောက်မှုရှိမည်ဖြစ်ကြောင်းဖော်ပြထားသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က နိုင်ငံအနှံ့ မိုးရွာသွန်းရန် ခန့်မှန်းထားပြီး အထက်ပိုင်း အနောက်မြောက်ဒေသ၊ အရှေ့မြောက်ပိုင်းအောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်၊ ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများအပြင် အရှေ့ပိုင်းဒေသများတွင်ပါ မိုးကြီးနိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရ ရာသီဥတု အခြေအနေများကို စက်တင်ဘာလ ၁၀ ရက်နေ့ ည ၂၂:၃၆နာရီအချိန်ကချွန်ဘူရီပြည်နယ်၊လမုံခရိုင်တွင်မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုများနှင့်အတူတိုင်းတာရရှိခဲ့သည်။

ပတ္တယားမြို့တွင်တစ်နာရီကျော်ကြာဆက်တိုက်မိုးရွာသွန်းပြီးနောက် ပုံမှန်ရေကြီးလေ့ရှိသည့် နေရာများ၌ ရေအနက်သည် ၁၀ စင်တီမီတာမှ၆၀စင်တီမီတာအထိမြင့်တက်လာခဲ့သည်။ ထိခိုက်ခံရသည့် နေရာများတွင် ဆိုအို ခေါဝ်တာလိုနှင့် ဆိုအို ဝပ်သမ်သာမက္ခီကြားရှိ မီးရထားလမ်း၊ ဆိုအို ဝပ်ဘွန်သမ်ဖန် နှစ်ဖက်စလုံး၊ ဆိုအို ခေါဝ်တာလို၊ မွမ်အာရွိုင်းလမ်းဆုံဟု လူသိများသည့် ဖာနီယက်ချန်း လမ်းဆုံအနီးရှိ တတိယမြောက်လမ်းနှင့် တောင်ပိုင်းပတ္တယားရှိ သုခဝီလမ်းတို့ ပါဝင်သည်။

မိုးဆက်လက် ရွာသွန်းနေခြင်းကြောင့် ရေကျဆင်းမည့် လက္ခဏာ မပြပေ။ ရေကြီးမှုကြောင့် သွားလာသူများ အခက်အခဲကြုံတွေ့ခဲ့ရပြီး ယာဉ်ကြောများမှာ ကီလိုမီတာနှင့်ချီကာ နှေးကွေးပိတ်ဆို့ခဲ့သည်။ အချို့သော မော်တော်ယာဉ်များမှာ ရေဝင်ရောက်မှုကြောင့် ပျက်စီးခဲ့ရပြီး ယာဉ်မောင်းများမှာ ရှေ့ဆက်မသွားနိုင်ဘဲ ဖြစ်ခဲ့ရသည်။

ရေကြီးရေလျှံမှုများကို ကြိုတင်ပြင်ဆင်ထားခဲ့သော ပတ္တယားမြို့တော် အာဏာပိုင်များက ယာဉ်မောင်းများနှင့် ဒေသခံများကို ကူညီပေးရန် အစီအမံများကို ချမှတ်ဆောင်ရွက်ခဲ့သည်။ အန္တရာယ်ရှိလောက်အောင် ရေမြင့်တက်နေသော လမ်းပိုင်းများကို ယာဉ်များ ဝင်ရောက်မှု မရှိစေရန် သံအတားအဆီးများဖြင့် ပိတ်ဆို့ခဲ့သည်။ ယာဉ်များ ဆက်လက်သွားလာနိုင်သေးသည့် နေရာများတွင် မြင့်မားသည့် ယာဉ်ကြီးများ ဆက်သွားနိုင်ကြောင်း၊ ယာဉ်ငယ်များအနေဖြင့်မူ ရေကြီးနေသော လမ်းကြောင်းများကို ရှောင်ရှားကြရန် အကြံပြုထားသည်။

ထို့အပြင် ရေကြီးသော လမ်းကြောင်းများကို မရှောင်ရှားနိုင်ဘဲ ကားပိတ်မိနေကာ ပျက်စီးခဲ့ရသည့် မော်တော်ယာဉ်မောင်းများကိုလည်း အာဏာပိုင်များက အန္တရာယ်ရှိသော ဇုန်များမှ ကူညီရွှေ့ပြောင်းပေးခဲ့သည်။

ကိုးကား-Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *