PSM (News) စက်တင်ဘာ ၁၂၊ ၂၀၂၆ တရုတ်နိုင်ငံဘက်မှ အရှေ့လေစီးကြောင်းများနှင့် လေဖိအားမြင့်စနစ် အအေးဓာတ် စီးကြောင်းများ စတင်တိုးဝင်လာခြင်း၊ မုတ်သုံမြောင်တန်း တောင်ဘက်သို့ နိမ့်ဆင်းသွားခြင်းတို့ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် မြောက်ပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ယခင်ရက်များထက် မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွား မည်ဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာန (TMD) တို့၏ ထုတ်ပြန်ချက် များအရ သိရသည်။ သို့သော်လည်း အနောက်တောင်မုတ်သုံလေ တိုးဝင်မှု အားကောင်းနေဆဲဖြစ်ခြင်းနှင့် မုတ်သုံမြောင်တန်း တောင် ဘက်သို့ ရွေ့လျားဆင်းလာခြင်းတို့ကြောင့် ကပ္ပလီပင်လယ်ပြင်၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စက်တင်ဘာ ၁၄ ရက်နေ့အထိ မိုးခပ်စိပ်စိပ်ရွာသွန်းပြီး နေရာကွက်၍ မိုးကြီးခြင်းမှ အလွန်ကြီးခြင်းများ ဆက်လက် ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။ မိုးအဆက်မပြတ် ရွာသွန်းနိုင်သည့်အတွက် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် တောင်ပိုင်းရှိ မြေနိမ့်ပိုင်း၊ မြစ်ဝှမ်း ဒေသများတွင် ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် ရေဝပ်ခြင်းများ ဖြစ်ပွားနိုင်သလို ကရင်၊ မွန်နှင့် တနင်္သာရီ တိုင်းတို့ရှိ တောင်ကုန်းတောင်တန်း အနီးဝန်းကျင်တွင် တောင်ကျရေကျခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များကို အထူးဂရုပြုရန် လိုအပ်သည်။ ထို့ပြင် မြစ်ရေအခြေအနေအရ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် တိုးမြစ်ရေသည် ဒီရေတက်ချိန်များ၌ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်အထိ ဆက်လက် မြင့်တက်လာနိုင်ပြီး ဘားအံမြို့တွင် စိုးရိမ်ရေမှတ် အထက် ရောက်ရှိနေသည့် သံလွင်မြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးဇလထံမှ သိရသည်။ မြန်မာ့ပင်လယ်ပြင်တွင်လည်း မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာ ရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ အသင့်အတင့်မှ လှိုင်းကြီးနိုင်သဖြင့် ပင်လယ်ပြင်အတွင်း ခရီးသွားလာသူများနှင့် ရေလုပ်သားများအနေဖြင့် ရုတ်တရက် လှိုင်းကြီးလေထန်သည့် အန္တရာယ်ကို သတိပြု သွားလာကြရန် အသိပေး ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation ရွှေကူ၊ ဇင်းဘုံဝန်းကျင်ရှိ စစ်အုပ်စု တပ်ရင်း ၃ ရင်းကို KIA တိုက်ထုတ်၊ အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိ မကွေးတွင် ပြည်သူကို မီးရှို့သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သူ ပျူစောထီးတစ်ဦးကို နတ်မောက် ပကဖ ဖမ်းဆီးရမိ