PSM(News)

စက်တင်ဘာ ၁၂၊ ၂၀၂၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းတွင် အာဏာလု စစ်အုပ်စု ဒေါက်တိုင် ပျူစောထီး တစ်ဦးကိုတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူမှာ နတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာနေ ကရေ (ခ) စောခိုင်လေးထူး ဆိုသူဖြစ်ပြီး၊ သရက်ချဉ်ကျေးရွာ အုပ်ချုပ်ရေးမှူး စိန်လှိုင်၏ ခိုင်းစေချက်အရ စစ်အုပ်စုအတွက် သတင်းစုံစမ်း ထောက်လှမ်းပေးနေသူ ဖြစ်ကြောင်း သိရသည်။

နတ်မောက် ပကဖ နှင့် အမှတ် (၉၀၃) တပ်ရင်း (ဂဠုန် PDF) တို့ ပူးပေါင်း၍ စစ်ဆေးဖော် ထုတ်ချက် များအရ ဖမ်းဆီးရမိသူ ကရေ (ခ) စောခိုင်လေးထူးသည် သစ်လှကျင်း၊ ဝင်အူ၊ ကျောက်ချော၊ ထနောင်း ကုန်း၊ သမှုံးကုန်း နှင့် ဖက်တောရေ စသည့် နတ်မောက်အရှေ့ခြမ်း ကျေးရွာများအတွင်းသို့ သူတောင်းစား ပုံစံ၊ ဈေးရောင်း/ဈေးဝယ် ပုံစံ၊ သစ်ဆွဲ/လွှသမား ပုံစံ အမျိုးမျိုး ပြောင်းလဲကာ လျှို့ဝှက် ဝင်ရောက်၍ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းထောက်လှမ်းပေးခဲ့ကြောင်း ဝန်ခံထားသည်။

ထို့အပြင် ၎င်းသည် နတ်မောက်အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းများနှင့် လိုက်ပါဆောင်ရွက်ခဲ့ သည့်အပြင် အနောက်ဖက်စမ်းကုန်းကျေးရွာမှ ဦးစံမောင်တို့ သားအဖ နှစ်ဦးအား မီးရှို့သတ်ဖြတ်သည့် ဖြစ်စဉ်တွင်လည်း ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း သိရသည်။

“စစ်ဗိုလ်တွေက ရှို့ရှို့ ဆိုပြီး ဝိုင်းရှို့ခိုင်းတာ၊ စစ်ကြောင်းမှူးနာမည်လဲ မသိဘူး။ သူတို့ခိုင်းတာပဲ လုပ်ရတာ။ မရှို့ရက်ပါဘူး၊ မရှို့ရင်လဲ ကိုယ့်ကိုပြဿနာ ရှာမှာစိုးလို့ ကိုင်းဟာ ဆိုပြီး ရှိုလိုက်တာ” ဟု ကရေ (ခ) စောခိုင်လေးထူး က ဝန်ခံထွက်ဆိုထားသည်။

ပွင့်ဖြူစစ်ကြောင်းနှင့် လလိုက်ပါစဉ် ကာလများ၌လည်း ပြည်သူများ၏ ရွှေငွေပစ္စည်းများကို လုယက် ခွဲဝေယူခဲ့သလို၊ နတ်မောက်မြို့နယ် ရွာတော်စစ်ဆေးရေးဂိတ်တွင် ဂိတ်ထိုင်၍ ခရီးသွားပြည်သူများ အပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားသူ ကရေ (ခ) စောခိုင်လေးထူးအား တော်လှန်ရေးတပ်ဖွဲ့များက တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

စစ်အုပ်စု၏ ထောက်လှမ်းရေးများမှာ အမျိုးမျိုးသော ပုံသဏ္ဌာန်များဖြင့် လျှို့ဝှက်ဝင်ရောက်လာနိုင် သဖြင့် မသင်္ကာဖွယ်ရာ လူစိမ်းများနှင့် ပတ်သက်၍ အထူးဂရုစိုက် စောင့်ကြည့်ကြရန်နှင့် လုံခြုံရေး သတိရှိ ကြရန် နတ်မောက်(ပကဖ) က ဒေသခံပြည်သူများသို့ သတိပေး နှိုးဆော်ထားသည်။

ပုံစာ- စစ်အုပ်စုအတွက် သတင်းစုံစမ်းထောက်လှမ်းပေးသူ ကရေ (ခ) စောခိုင်လေး။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *