PSM (News)

ဇူလိုင် ၂၅၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတ မိုဟာမက် ရှာဟဘုဒ်ဒင် သည် ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် သမ္မတရာထူးမှ သောကြာနေ့တွင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ ရုံးခန်းက ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၇၆ နှစ်အရွယ်ရှိ ရှာဟဘုဒ်ဒင်သည် ၂၀၂၃ ခုနှစ် ဧပြီလကတည်းက သမ္မတရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ၂၀၂၄ ခုနှစ် ကျောင်းသားဦးဆောင်သော အရေးတော်ပုံကြောင့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ရာထူးမှပြုတ်ကျကာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မငြိမ်မသက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရှာဟဘုဒ်ဒင် နုတ်ထွက်သွားခြင်းကြောင့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအနေဖြင့် သူမ၏ ပြန်လာရန်စီစဉ်ထားသည့် အချိန်မတိုင်မီ ငါးလအလိုတွင် ရာထူးအမြင့်ပိုင်း၌ မဟာမိတ် မရှိတော့သည့် အနေအထားသို့ ရောက်ရှိသွားစေခဲ့သည်။ သူမ၏ အာဝါမီလိဂ် (Awami League) ပါတီမှာလည်း တားမြစ်ခံထားရပြီး၊ ၂၀၂၄ ခုနှစ်အတွင်း သူမ၏အစိုးရကို ဖြုတ်ချခဲ့သည့် သွေးထွက်သံယို ကျောင်းသားအရေးတော်ပုံ ဖြစ်ပွားပြီးနောက်ပိုင်း ပါတီခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အများအပြားမှာ အကျဉ်းကျခံနေရခြင်း သို့မဟုတ် တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

သမ္မတသစ်တစ်ဦးကို မရွေးချယ်ရသေးမီကာလအတွင်း အမျိုးသားလွှတ်တော်၏ လွှတ်တော်နာယကက သမ္မတ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ကိုးကား-Reuters

By Htet Ko