PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ကံပေါက်ဒေသရှိ Delco သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ လူနေမှုဘဝကို ထိခိုက်စေသည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်မပြုလုပ်ဘဲ ချက်ချင်းရပ်ဆိုင်းရန် အမှတ် (၈၀၀၂) တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) က သတိပေး ထုတ်ပြန်သည်။ Delco ကုမ္ပဏီသည် အာဏာလုစစ်အုပ်စုက ကျောထောက်နောက်ခံပြုထားသည့် ကချင်နယ် ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဦးဇခုန်တိန့်ယိမ်း မိသားစုပိုင် ပန်ဝါကုမ္ပဏီများအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်မှစ၍ သတ်မှတ်လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ စည်းမဲ့ကမ်းမဲ့ သတ္တုတူးဖော်ခဲ့သဖြင့် မြစ်ချောင်း၊ အင်းအိုင်များနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ရသည့်အပြင် မြေယာနှင့် ဒေသခံများ၏ လူနေမှုဘဝ ထိခိုက်နစ်နာမှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရကြောင်း သိရသည်။ ကချင်ပြည်နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဇခုန်တိန့်ယိမ်းသည် ၎င်း၏ ကံပေါက်သတ္တုတွင်း လုပ်ငန်းများကို ပိုမိုတိုးချဲ့ရန် ပြင်ဆင်လာခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသား ရာချီခေါ်ယူကာ ကံပေါက်တောင်ပေါ်၌ အဆောက်အအုံများ ဆောက်လုပ် နေသည်မှာ ၃ လခန့်ရှိပြီဖြစ်ပြီး သတ္တုတူးဖော်ရေး အကြောင်းပြ၍ ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းရှင်များ ပါဝင်သည့် လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း KBDF က ဆိုသည်။ ထို့အပြင် ကျောက်သတ္တု အမှုန့်ကြိတ်ရန်အတွက် အာဏာလုစစ်အုပ်စု လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံမှ သဘာဝဓာတ်ငွေ့ ဝယ်ယူကာ ပိုက်လိုင်းသွယ်တန်း၍ Gas တာဘိုင်စက်ရုံ လည်ပတ်ရန် ပြင်ဆင်နေကြောင်းလည်း KBDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တနင်္သာရီတိုင်းအတွင်း ခဲမဖြူနှင့် ဝူဖရမ် ထုတ်လုပ်မှု ထက်ဝက်နီးပါးကို ထိန်းချုပ်ထားသည့် အဆိုပါ Delco ကုမ္ပဏီအနေဖြင့် ဒေသတွင်း သဘာဝအလှတရားများ၊ ပြည်သူများ၏ အသက်အိုးအိမ်၊ ကျန်းမာရေးနှင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးစေသည့် လုပ်ရပ်များကို ရပ်ဆိုင်းရန် ဒေသခံများ၏ ဆန္ဒနှင့်အညီ ပြင်းပြင်းထန်ထန် သတိပေးကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကုမ္ပဏီဘက်မှသာ တာဝန်ယူရမည်ဖြစ်ကြောင်း အမှတ် (၈၀၀၂) တပ်ရင်း KBDF က အသိပေးထားသည်။ Post navigation မိုင်းငေါ့ရှိ ရွှေလုပ်ငန်းခွင် မြေပြိုကျမှုကြောင့် လုပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ ကရင်နီထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်တပ်၏ အရက်၊ ဘီယာနှင့် ဆေးလိပ်ထုတ်ကုန်များ ရောင်းဝယ်သုံးစွဲသူများကို အရေးယူမည်ဟု သတိပေး