PSM (News)

ဩဂုတ် ၂၄ ၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား၍ အသက် (၃၇) နှစ်အရွယ် ရွှေကျင်းလုပ်သား ဦးသက်ပိုင်စိုး သေဆုံးခဲ့ပြီး လုပ်သား ကိုကျော်ငြိမ်း ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက် နံနက် ၁၁ နာရီခန့်က ရွှေကျင်း လုပ်ကိုင်နေသည့် အဖွဲ့ဝင် ၂၀ ဦးခန့်အနက် ဦးသက်ပိုင်စိုးမှာ ရွှေတွင်းအတွင်း မြေတူးဖော်နေစဉ် မြေပြိုကျ၍ မြေစာများအောက် ပိတ်မိကာ အသက်ဆုံးရှုံးခဲ့ရသည်။

ထို့အတူ တွင်းအပြင်ဘက်တွင် အလုပ်လုပ်နေသည့် ကိုကျော်ငြိမ်းမှာလည်း မြေပြိုကျမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် အတူလုပ်ကိုင်သူ ရွှေလုပ်သားများက မြေစာများကို ဝိုင်းဝန်းဖယ်ရှား ကူညီခဲ့သော်လည်း ဦးသက်ပိုင်စိုးမှာ သေဆုံးသွားခဲ့သဖြင့် အခင်းဖြစ်ရာနေရာသို့ PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးကာ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

မိုးရာသီကာလတွင် မိုးရေစိမ့်ဝင်မှုကြောင့် မြေသားများ ပျော့လာပြီး ရွှေတွင်းနှင့် မြေတူးဖော်သည့် လုပ်ငန်းခွင်များ၌ မြေပြိုမှုအန္တရာယ် ပိုမိုဖြစ်ပေါ်နိုင်သဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီးချိန်တွင် အထူးသတိထား လုပ်ကိုင်ကြရန်နှင့် အန္တရာယ်လက္ခဏာတွေ့ရှိပါက လုပ်ငန်းခွင်မှ ချက်ချင်းရှောင်ရှားကြရန်လည်း TNLA က သတိပေးထားသည်။

ဓာတ်ပုံ-TNLA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *