PSM (News)

ဩဂုတ် ၂၄ ၊ ၂၀၂၆

မုန်တိုင်းများ၏ အရှိန်နှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် အနောက်တောင် မုတ်သုံလေသည် ဩဂုတ်လကုန်ပိုင်းအထိ အားကောင်းရာမှ အားလွန်ကောင်းနေမည်ဖြစ်၍ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ကြောင်း သိရသည်။

တုံကင်ပင်လယ်ကွေ့အတွင်း ရောက်ရှိနေသည့် အပူပိုင်းမုန်တိုင်း နာရာ (NARRA) နှင့် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ တိုင်ဖွန်းမုန်တိုင်း ဆော်ဒယ် (SAUDEL) တို့သည် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဦးတည်နေပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်း၏ အရှိန်များကြောင့် မြန်မာနိုင်ငံအတွင်း မုတ်သုံလေ ပိုမိုအားကောင်းလာခြင်း ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ ထုတ်ပြန်ချက်အရ သည်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်တာကျိုး၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် အထက်ပိုင်းမှ ရေစီးကြောင်းများ စိမ့်ဝင်ခြင်း၊ မိုးရေချိန် ၁၅၀ မီလီမီတာအထက် ဆက်လက် ရရှိနိုင်ခြင်းနှင့် ပင်လယ်ဒီရေ ပိတ်ဆို့မှုများကြောင့် လာမည့် ဩဂုတ် ၂၇ ရက်အထိ ရေကျဆင်းမှု နှေးကွေးကာ စိုးရိမ်ရေမှတ်အထက် တွင်ရှိနေပြီး ရေဝပ်မှု ကာလရှည်ကြာနိုင်သည်။

ထို့အပြင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးအလွန်ကြီးမားစွာ ရရှိနိုင်သဖြင့် မြေနိမ့်ပိုင်း ရေကြီးခြင်း၊ တောင်ကျရေကျခြင်းနှင့် တောင်စောင်း လမ်းမကြီးများတွင် မြေပြိုခြင်းများ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က သုံးသပ်ထားသည်။

ဆက်လက်၍ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ် ရေမျက်နှာပြင်များ မြင့်တက် နေဦးမည်ဖြစ်ပြီး ရန်ကုန်မြို့ပြ မြေနိမ့်ပိုင်းများတွင် ခေတ္တ ရေဝပ်နိုင်စွမ်းရှိသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အထက်ပိုင်း မြစ်ရေအခြေအနေများကို စောင့်ကြည့်ရန်လိုအပ်သလို ချင်းတောင်တန်းများတွင် မြေပြိုအန္တရာယ် သတိထားရမည် ဖြစ်ကြောင်း သိရသည်။

ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်တာကျိုး၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် အထက်ပိုင်းမှ ရေစီးကြောင်းများ စိမ့်ဝင်ခြင်း၊ မိုးရေချိန် ၁၅၀ မီလီမီတာအထက် ဆက်လက် ရရှိနိုင်ခြင်းနှင့် ပင်လယ်ဒီရေ ပိတ်ဆို့မှုများကြောင့် လာမည့် ဩဂုတ် ၂၇ ရက်အထိ ရေကျဆင်းမှု နှေးကွေးကာ စိုးရိမ်ရေမှတ်အထက် ရေဝပ်မှု ကာလရှည်ကြာနိုင်သည်။

နေပြည်တော်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ဝှမ်း အထက်ပိုင်းသည် ကမ္ဘာ့ရေကြီးမှု သတိပေးစနစ်မြေပုံအရ အန္တရာယ်အဆင့် ခရမ်းရောင်အဖြစ် သတ်မှတ်ထားပြီး လာမည့် စက်တင်ဘာ ၂ ရက်အထိ ရေစီးဆင်းမှု မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်အထက်၌ ဆက်လက်တည်ရှိနေဆဲဖြစ်သလို သောင်ရင်းမြစ်ရေသည်လည်း မြဝတီမြို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် ကမ်းရိုးတန်းတစ်လျှောက် တစ်နာရီ မိုင် ၃၅ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၁ ပေမှ ၁၃ ပေအထိ ရှိနိုင်သောကြောင့် ပင်လယ်ပြင် ခရီးသွားများနှင့် ကမ်းနီးကမ်းဝေး ရေလုပ် သားများ ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် မိုးလေဝသ သတင်း ထုတ်ပြန်ချက်များတွင် သတိပေးထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *