PSM (News) ဩဂုတ် ၂၄ ၂၀၂၆ ယူကရိန်း၏ မောင်းသူမဲ့စနစ်များတပ်ဖွဲ့ (Unmanned Systems Forces) သည် ဩဂုတ်လ ၁၇ ရက်မှ ၂၂ ရက်အတွင်း ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားနှင့် တောင်ပိုင်းပင်လယ်မန်းမြေရှိ ရုရှားထိန်းချုပ်ရာဒေသများအတွင်း စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ၂၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့၏ တပ်မှူး ရိုဘတ် ဘရော့ဗ်ဒီ က ပြောကြားခဲ့သည်။ ၎င်းက ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၂၈ ရက်အထိ ပြုလုပ်ခဲ့သော ” Crimean Switch Off စစ်ဆင်ရေးကာလအတွင်း ရုရှား၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ၂၆၇ ခု လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် ဇူလိုင်လ ၆ ရက်နေ့တွင် စတင်ခဲ့သော MoLoChKa စစ်ဆင်ရေးကြောင့် အဇော့ပင်လယ် အတွင်းရှိ ရုရှား၏ မှောင်ခိုသင်္ဘောအုပ်စုများ ၏ သွားလာလှုပ်ရှားမှုများကို အလုံးစုံ ပိတ်ဆို့နိုင်ခဲ့ပြီး ပင်လယ်နက် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင်လည်း ၎င်းတို့၏ သွားလာမှုကို ကန့်သတ်နိုင်ခဲ့ကြောင်း ဘရော့ဗ်ဒီက ထပ်လောင်းပြောဆိုခဲ့သည်။ ရုရှားနိုင်ငံရှိ Ozon ဂိုဒေါင် နှစ်ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရ ရုရှားနိုင်ငံ၊ အိုရင်းဘတ်မြို့ရှိ Ozon အွန်လိုင်းစျေးကွက်၏ ကုန်လှောင်ရိုဒေါင်တစ်ခု တိုက်ခိုက်ခံခဲ့ရပြီး သြဂုတ်လ ၂၃ ရက်နေ့အထိ ထိုနေရာတွင် အကြီးစား မီးလောင်ကျွမ်းမှု မရှိသေးသော်လည်း ဒေသခံများက အနည်းဆုံး ပေါက်ကွဲမှု သို့မဟုတ် တိုက်ခိုက်မှုတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း တင်ပြထားကြသည်။ မြို့တော်ဝန် အယ်လ်ဘတ် ယူမာဒီလော့ဖ် က စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ရှိရာ အထူးစီးပွားရေးဇုန်တစ်ခုပေါ်တွင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) အများအပြားကို ပစ်ချနိုင်ခဲ့ကြောင်း၊ သို့သော် ဒရုန်းအစအနများကြွေကျမှုကြောင့် Ozon ထောက်ပံ့ပို့ဆောင်ရေး ဝင်းအတွင်း မီးလောင်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း “လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့သည်” ဟု ပြောကြားခဲ့သည်။ အွန်လိုင်းတွင် တင်ထားသည့် ဗီဒီယိုဖိုင်များတွင် ဂိုဒေါင်အနီး၌ မီးခိုးများ တက်လာသည်ကို တွေ့ရသည်။ Ozon ကုမ္ပဏီကမူ ထောက်ပံ့ပို့ဆောင်ရေး စင်တာမှ ဝန်ထမ်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းနှင့် အဆိုပါ ဂိုဒေါင်သို့ ကုန်စည်ပို့ဆောင်မှုများကို ယာယီရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။ ကိုးကား-Reuters and The New Voice of Ukraine Post navigation အမေရိကန်နိုင်ငံ၊နေဗားဒါးပြည်နယ်တွင် ဧက ၁၀,၅၀၀ ကျော်တောမီးလောင်ကျွမ်းခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာ နိုင်ငံရေး ဆန္ဒပြမှုများနှင့် ထုတ်ဖော်ပြောဆိုမှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် ဥပဒေကို ထိုင်းနိုင်ငံ အတည်ပြု