ဧပြီ ၂၄၊၂၀၂၆

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ယနေ့ (သောကြာနေ့) တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်သည် အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် ဆွေးနွေးပွဲများဆီသို့ ဦးတည်သည့် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်ကြောင်းလည်း ဆိုသည်။

“အာဆီယံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကူညီပံ့ပိုးသွားမည်” ဟု ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌအဖြစ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအပတ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်သည် နေပြည်တော်တွင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို “ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း” နှင့် “သူမအတွက် ကောင်းမွန်သည့်အရာများ လုပ်ဆောင်ပေးရန် စဉ်းစားနေကြောင်း” မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ဆိုသည်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မတရားစွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း အာဏာလုသမ္မတ မင်းအောင်လှိုင်သည် ၎င်း၏ အာဏာတည်မြဲရေးအတွက် မြို့နယ်ပေါင်း ၆၀ ကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်ရန် အရေးပေါ်အမိန့်အသစ်များ ထုတ်ပြန်လိုက်သည်။ အဆိုပါ အမိန့်သည် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များအပြင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များကို လွှမ်းခြုံထားသည်။

“လက်နက်ကိုင် အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ဖော်ဆောင်ရန်” ဟူသော အကြောင်းပြချက်ဖြင့် ရက်ပေါင်း ၉၀ ကြာ အရေးပေါ်ကာလ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း စစ်အုပ်စုပိုင် မီဒီယာများတွင် ဖော်ပြထားသည်။ ယင်းအမိန့်အရ အဆိုပါဒေသများရှိ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာအားလုံးကို စစ်အုပ်စု၏ စစ်ဘက်ဆိုင်ရာ ထိပ်သီးအရာရှိဖြစ်သူ ရဲဝင်းဦး ထံသို့ လွှဲအပ်လိုက်ကြောင်း သိရသည်။

ယခုခြေလှမ်းသည် ဧပြီလအစောပိုင်းတွင် ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲအပြီး ၎င်းကိုယ်တိုင် သမ္မတအဖြစ် ရယူခဲ့သော မင်းအောင်လှိုင်၏ ပထမဆုံးသော စစ်ရေးဖိနှိပ်မှုလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ စစ်အုပ်စုသည် အရေးပေါ်ကာလကို အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ပြီးနောက်၊ မလွတ်လပ်ပြီး မမျှတသော ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကိုးကား – Bangkok Post / Reuters / AFP

By Htet Ko