PSM(News) ဧပြီ ၂၄ ၊ ၂၀၂၆ ရခိုင်နှင့် အညာဒေသအပါအဝင် နိုင်ငံအနှံ့အပြားတွင် စစ်ရေးအရ ရှုံးနိမ့်နေသည့် အာဏာလုစစ်အုပ်စုသည် ၎င်းတို့၏ ကျဆုံးခန်းကို ဖုံးကွယ်ရန်နှင့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲရန်အတွက် “အလင်းဝင်” အခမ်းအနားများ ပြုလုပ်ကာ ဝါဒဖြန့်ချိမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း သိရသည်။ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တွင် ယနေ့ ဧပြီ ၂၄ ရက်နေ့က လက်နက်ကိုင်အဖွဲ့ပေါင်းစုံမှ အယောက် ၅၀၀ ကျော် အလင်းဝင်လာသည်ဆိုကာ စစ်အုပ်စု၏ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်မှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY -PDF) ၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင်တပ်တော် (AA) နှင့် ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် တော်လှန်ရေးအဖွဲ့ပေါင်း ၅၀ နီးပါး၏ အမည်များကို ဖော်ပြထားပြီး ကျား ၄၇၀ ဦး နှင့် မ ၄၇ ဦး စုစုပေါင်း ၅၁၇ ဦး အလင်းဝင်ရောက်လာကြောင်း ထုတ်ပြန်ထားသည်။ “ဒါဟာ အာဏာလုစစ်အုပ်စုရဲ့ ထွက်ပေါက်ပိတ်နေတဲ့ လက္ခဏာပါ။ စစ်ရေးနဲ့ မနိုင်တော့တဲ့အခါ နိုင်ငံရေးအရ လှည့်ကွက်တွေသုံးပြီး တော်လှန်ရေးအင်အားစုတွေကို စိတ်ဓာတ်စစ်ဆင်ရေလုပ်နေတာ ဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက PSM News ကို ပြောသည်။ ထို့ပြင် မြေပြင်၌ ပြသထားသည့် လက်နက်ခဲယမ်းများမှာ အရေအတွက်မှာ အလွန်နည်းပါးပြီး အခမ်းအနားတွင် ပါဝင်သူအများစုသည် တော်လှန်အဖွဲ့များမှ နုတ်ထွက်ထားပြီး တပ်နှင့် ကင်းကွာနေသူများ၊ စစ်အုပ်စုက အတင်းအဓမ္မ စုဆောင်းထားသည့် တပ်သားသစ်များ နှင့် ငွေကြေးပေး၍ ငှားရမ်းထားသူများသာ ဖြစ်ကြောင်း သိရသည်။ “လူငယ်တွေက အဆုံးစွန်သွားဖို့ တော်လှန်ရေးအတွက် ပေးဆပ်ထားပြီးသားပါ။ တပ်ကထုတ်ထားသူတွေ ၊ တပ်နဲ့ကင်းကွာပြီး တပ်က ထွက်ထားသူတွေ ပါကောင်းပါလိမ့်မယ်၊ နေရပ်ပြန်ချင်လို့ ရန်သူနဲ့ပူးပေါင်းပြီး အလင်းဝင်တဲ့ပုံစံမျိုးလုပ်ကြတဲ့ သူအချို့လည်းပါပါလိမ့်မယ်။ အများစုကတော့ သူတို့(စစ်တပ်)က ထည့်ထားတဲ့သူတွေနဲ့ လက်ဝေခံတွေပါ” စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက PSM ကိုပြောသည်။ စစ်အုပ်စုထံ အလင်းဝင်လာသူများတွင် အသက် ၁၅ နှစ်မှ ၇၅ နှစ်အရွယ်ထိ ပါဝင်ပြီး လက်နက်ငယ် ၂၂ ခု၊ ဒရော့ဗုံး ၁၄ ခု၊ လက်လုပ် လက်နက် ၉ ခု၊ ရှော့တိုက်ဒုံး ၄ ခု၊ ဗုံးသီး ၂၂ ခု အပ်နှံခဲ့ကြောင်း စစ်အုပ်စု၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။ အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့်မတ်လ ၁၉ ရက်နေ့က PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာကြောင်း ဝါဒဖြန့် ထုတ်ပြန်မှုများလုပ်ဆောင်ရာတွင် ယူနီဖောင်းနှင့် အမှတ်တံဆိပ်များ မှားယွင်းနေခြင်း၊ စစ်မှုထမ်းတပ်သားသစ်များရောနှောပါဝင်နေခြင်းများရှိခဲ့သည်။ ဓာတ်ပုံ-စစ်အုပ်စု Post navigation အာဏာလုစစ်အုပ်စု၏ လက်နက်ထုတ်လုပ်ရေးအခြေစိုက် ကပစ (၂၄) ကို တော်လှန်ရေးပူးပေါင်းတပ်များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စက်ရုံအဆောက်အဦ မီးလောင်ပေါက်ကွဲ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း၊ အာဏာလုသမ္မတ မင်းအောင်လှိုင်က မြို့နယ် ၆၀ ကို အရေးပေါ်အမိန့်ထုတ်ပြန်၍ စစ်အုပ်ချုပ်ရေးတိုးမြှင့်