PSM(News) ဧပြီ ၂၅၊ ၂၀၂၆ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများ ပြေလည်စေရန်မှာ “နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု မရှိမှသာ” လမ်းစပွင့်လာနိုင်မည်ဖြစ်ကြောင်းနှင့် အာဏာလုစစ်အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ တော်လှန်ရေးအင်အားစုများကို သပ်လျှိုသွေးခွဲရန် ကြိုးပမ်းသည့် အတုအယောင်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်းစစ်အုပ်စုသည် ဧပြီလ ၂၁ ရက်မှ ဇူလိုင်လကုန်အထိ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း ယင်းသည် ပျက်ပြယ်သွားပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံနှင့် NCA လမ်းကြောင်းကို အခြေခံထားသဖြင့် တရားဝင်မှုမရှိကြောင်း NUCC က ဆိုသည်။ အဆိုပါ လုပ်ရပ်သည် စစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရန်နှင့် ၎င်းတို့ သက်ဆိုးရှည်ရန်အတွက် ငြိမ်းချမ်းရေးကို လက်နက်သဖွယ် အသုံးချခြင်းသာဖြစ်သည်ဟု ထောက်ပြထားသည်။ မြန်မာပြည်သူများ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခပေါင်းစုံသည် စစ်အာဏာသိမ်းမှုများနှင့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်နေမှုတို့၏ အကျိုးဆက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများ ချမှတ်ထားသည့် နိုင်ငံရေးဦးတည် ချက် (၆) ရပ် အတိုင်းသာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NUCC က အလေးအနက်ထား ထုတ်ပြန်ထား သည်။ NUCC ၏ နိုင်ငံရေးဦးတည်ချက် (၆) ရပ်တွင် မြန်မာစစ်တပ် နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရွေးကောက်ခံ အရပ်သားအစိုးရအောက်တွင် ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရန်နှင့် မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်ရန် တို့ ပါဝင်သည်။ အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက် ဟန်ပြဆွေးနွေးပွဲများကို နှစ်ပေါင်း ၇၀ ကြာ သမိုင်းတစ်လျှောက် အသုံးချခဲ့ကြောင်း NUCC က သတိပေးထားပြီး တော်လှန်ရေးအင်အား စုများအနေဖြင့် ဘုံနိုင်ငံရေးသဘောတူညီချက်များဖြင့် စုစည်းကာ အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ Post navigation ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း၊ အာဏာလုသမ္မတ မင်းအောင်လှိုင်က မြို့နယ် ၆၀ ကို အရေးပေါ်အမိန့်ထုတ်ပြန်၍ စစ်အုပ်ချုပ်ရေးတိုးမြှင့် လောင်းလုံးတွင် အင်အား ၁၅၀ ပါ အာဏာလုစစ်အစိုးရ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ