PSM(News) ဧပြီ ၂၄၊ ၂၀၂၆ မကွေးတိုင်းအတွင်းရှိ အာဏာလုစစ်အုပ်စု၏ လက်နက်ကုန်ကြမ်း ထုတ်လုပ်ရေးနှင့် ဗျူဟာမြောက် အခြေစိုက်စခန်းဖြစ်သော အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စက်ရုံအဆောက်အဦ မီးလောင်ပေါက်ကွဲကာ အကြီးအကျယ် အထိနာခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ မကွေးတိုင်း ပကဖ (MGY – 30 Special Operations Unit – 3) တိုက်ခိုက်ရေးစစ်ကြောင်းနှင့် တောင်ညိုနဂါးတပ်ဖွဲ့ (LPDF) တို့ ပူးပေါင်းကာ ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့တွင် ရှော့တိုက်ဒုံးများ၊ လက်လုပ်ရော့ကတ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကပစ (၂၄) အတွင်းရှိ အဓိကစက်ရုံအဆောက်အဦမှာ မီးလောင်ပေါက်ကွဲခဲ့ပြီး ၎င်းမီးလောင်မှုဖြစ်စဉ်ကို NASA ၏ Fire Map တွင်ပင် မြင်တွေ့ခဲ့ရကြောင်း တောင်ညိုနဂါးတပ်ဖွဲ့ (LPDF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ကပစ (၂၄) စက်ရုံသည် အာဏာလုစစ်အုပ်စုအတွက် လက်နက်ကုန်ကြမ်းများဖြစ်သည့် သံသတ္တုနှင့် အလူမီနီယံများကို အရည်ကြိုပေးနေသည့် အဓိကထောက်တိုင်တစ်ခုဖြစ်သလို ထီးလင်းနှင့် မင်းတပ်မြို့နယ်များအတွက် ယာယီစစ်ဗျူဟာအခြေချထားသည့် နေရာဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင်လည်း အဆိုပါစခန်းအတွင်းသို့ အင်အားဖြည့်တင်းကာ ထီးလင်း၊ ဆောနှင့် ကျောက်ထုဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် စစ်တပ်အမာခံစခန်းတစ်ခုလည်း ဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် အာဏာလုစစ်အုပ်စုသည် ဧပြီလ ၂၃ ရက်နေ့တွင် မကွေးလေတပ်မှ ဂျက်ဖိုက်တာ ခြောက်စင်းဖြင့် ကပစ (၂၄) အနီးဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ရမ်းကားပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့သည်။ “ပြည်သူလူထုအနေနဲ့ အာဏာလုစစ်အုပ်စုရဲ့ ယုတ်မာရမ်းကားတဲ့ တိုက်ခိုက်မှုတွေကို မြေပြင်သတိ၊ ဝေဟင်သတိပြုပြီး ဂရုစိုက်နေထိုင်ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မကွေးတိုင်း ပကဖ က ထုတ်ပြန်ထားသည်။ စစ်အုပ်စုသည် အဆိုပါစက်ရုံမှနေ၍ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ၁၂၂ မမ MLRS ရှော့တိုက်ဒုံးများ၊ ၁၂၀ မမ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ရမ်းကားပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။ အာဏာလုစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ဧပြီလ ၂၂ ရက်နေ့က ၎င်း၏ ပထမဆုံး စစ်ဆေးရေးခရီးစဉ်အဖြစ် မကွေးတိုင်းတပ်နယ်သို့သွားရောက်ခဲ့ပြီး ရခိုင်နှင့် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများအတွက် မကွေးဒေသကိုအခြေစိုက်စခန်း အဖြစ် အသုံးချရန်ရည်ရွယ်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။ အာဏာလုသမ္မတ မင်းအောင်လှိုင်သည် မကွေးတိုင်းအတွင်းရှိ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြို မြို့နယ်များကို ရက် ၉၀ စစ်အုပ်ချုပ်ရေးအဖြစ် ထပ်မံ သတ်မှတ်ရန် အမိန့်ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-မကွေးပကဖ Post navigation မြန်မာနိုင်ငံ၊ကရင်ပြည်နယ်ရှိ တိုင်ချန်း ကျားဖြန့်ဂိုဏ်းများအား နှိမ်နင်းရန် အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးငွေ ထုတ်ပြန်