PSM(NEWS)

ဧပြီ ၂၄၊၂၀၂၆

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း အခြေစိုက်၍ အမေရိကန်နိုင်ငံသားများထံမှ ဘီလီယံနှင့်ချီ၍ လိမ်လည်နေသည့် တိုင်ချန်းကျားဖြန့်အဆောက်အအုံများကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် အမေရိကန်အစိုးရက ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ထုတ်ပြန်လိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို(US INL)နှင့် တရားမျှတရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းဆိုင်ရာ ဆုကြေးငွေအစီအစဉ် (TOCRP) အောက်မှ ကြေညာလိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ အဆိုပါကျားဖြန့်ဂိုဏ်းများ၏ ငွေခဝါချမှုနှင့် ဆက်နွှယ်နေသော ရန်ပုံငွေများကို သိမ်းဆည်းရမိစေမည့် သတင်းအချက်အလက် ပေးနိုင်သူ မည်သူမဆို ဆုကြေးငွေ ရရှိမည်ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာပင် အရှေ့တောင်အာရှ အခြေစိုက် ကျားဖြန့်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများသည် ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် ခရစ်ပတိုကာရင်စီ (Cryptocurrency) ကို အသုံးပြု၍ ငွေခဝါချမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

အရေးယူပိတ်ဆို့မှုများ

ယခုဆုကြေးငွေ ထုတ်ပြန်မှုနှင့်အတူ အမေရိကန်အစိုးရသည် ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် အောက်ပါတို့ကိုလည်း တစ်ပြိုင်နက် အရေးယူဆောင်ရွက်ခဲ့သည် –

မြန်မာနှင့် ကမ္ဘောဒီးယားတွင် ကျားဖြန့်စခန်းများ ထောင်ထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို တရားစွဲဆိုခြင်း။

လူကုန်ကူးရန် အသုံးပြုသည့် တယ်လီဂရမ်ချန်နယ်နှင့် ငွေလိမ်ဝက်ဘ်ဆိုက် (၅၀၃) ခုကို ပိတ်သိမ်းခြင်း။

ကမ္ဘောဒီးယားတစ်ဝန်းရှိ ကျားဖြန့်စခန်းများကို ထိန်းချုပ်ထားသူ အမတ် ကောက်အန်း နှင့် ၎င်း၏ ကွန်ရက်ကို ဒဏ်ခတ်ပိတ်ဆို့ခြင်း။

သတင်းပေးပို့ရန်

ကရင်ပြည်နယ်အတွင်းရှိ တိုင်ချန်း ၁.၀ (ကျောက်ခက်ကာစီနို)၊ တိုင်ချန်း ၂.၀ နှင့် တိုင်ချန်း ၃.၀ စသည့် အဆောက်အအုံစုများနှင့် ပတ်သက်၍ သတင်းပေးပို့လိုပါက TaiChangTIPS@fbi.gov သို့ ဆက်သွယ်နိုင်သည်။ သတင်းပေးပို့သူများ၏ အချက်အလက်များကို FBI က အထူးလျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား US NIL Press Statement

By Htet Ko