PSM(News)

ဧပြီ ၂၃၊ ၂၀၂၆

အာဏာလုစစ်အုပ်စု ရုံးစိုက်ရာ နေပြည်တော်၏ တံခါးဝဖြစ်သော လယ်ဝေးမြို့နယ်ရှိ ခမရ ၄၁၁ ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့၊ အောင်ချမ်းသာရွာသစ်၌ အထိုင်ချထားသော အဆိုပါခံစစ်စခန်းကို ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် KNU/KNLA တပ်မဟာ (၂)၊ KNDO၊ KNDF တပ်ရင်း (၂၉) နှင့် မဟာမိတ် တပ်ပေါင်းစုများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အင်အား ၄၀ခန့်ရှိသည့် အဆိုပါတပ်စခန်းသည် စစ်အုပ်စုရုံးစိုက်ရာနေရာများနှင့် ၁၀မိုင်မှ ၁၅မိုင်ခန့်သာ ကွာဝေးပြီး ကင်းလှည့်ထွက်ချိန် ကျန်နေသည့်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက် ခြင်းဖြစ်ကာ တိုက်ပွဲကြာချိန် ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ကာ ကြာမြင့်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အာဏာလုစစ်အုပ်စုဘက်မှ ဗိုလ်မှူး ထွန်းထွန်းလင်း အပါအဝင် စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့သည်။ စခန်းတာဝန်ခံ ဒုဗိုလ်မှူးကြီး သန်းညိမ်း အပါအဝင် ကျန်ရှိသည့် စစ်သား များမှာ ဒဏ်ရာများဖြင့် စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ပြီး စခန်းအတွင်းမှ MA သေနတ် လေး လက်နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့သည်။

“နေပြည်တော်ရဲ့ အစွန်အဖျားခံစစ်ကြောင်း (Buffer Zone) လိုမျိုးဖြစ်နေလို့ စစ်ရေးအရ အချက်အချာကျတယ်လို့ ဆိုနိုင်ပြီး နေပြည်တော်အတွက် အကာအကွယ်ပေးထားတဲ့ အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်” ဟု ဟု PDF Insight တွင် ဖော်ပြထားသည်။

ယခုသိမ်းပိုက်နိုင်ခဲ့သည့် စခန်းသည် နေပြည်တော်စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်နှင့် မိုင် ၃၀ ဝန်း ကျင်သာ ကွာဝေးသဖြင့် စစ်အုပ်စု၏ ဗဟိုချက်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သည့် အနေအထားဖြစ်သည်။

အာဏာလုစစ်အုပ်စု က နေပြည်တော်တံခါးဝရှိ စခန်းတိုက်ခိုက်ခံခဲ့ရသဖြင့် အင်အားအလုံးအရင်းဖြင့် စစ် ကြောင်း ထိုးရန် ပြင်ဆင်နေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း နေပြည်တော်၏ ဗဟိုချက်အထိ ခြေသံလုံလုံဖြင့် စစ်ရေးအရှိန်မြှင့်တင်ရန် ပြင်ဆင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko