PSM(News) ဩဂုတ် ၂၃၊ ၂၀၂၆ မြန်မာ့ဂီတလောက၏ တေးရေးနှင့် ထိပ်တန်း တေးသံရှင် ကိုင်ဇာ (ခ) ဦးညီညီဝင်း အသက်(၆၆) နှစ် သည် အဆုတ်အတွင်း ပိုးဝင်သည့် ဝေဒနာကြောင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကုသမှု ခံယူရင်း ယမန်နေ့ ဩဂုတ် ၂၂ ရက် ညပိုင်းက ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်သူ အဆိုတော် ကိုင်ဇာ၏ ရုပ်ကလာပ်ကို ယနေ့ ဩဂုတ် ၂၃ ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနှင့် အသင်းသားများက ဝိတိုရိယဆေးရုံမှ ရေဝေးသုဿန် အအေးခန်းသို့ သွားရောက် ကူညီ ပို့ဆောင်ပေးခဲ့ကြသည်။ အဆိုတော် ကိုင်ဇာ (၆၆) နှစ်၏ စျာပန အခမ်းအနားကို မနက်ဖြန် ဩဂုတ် ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် ရေဝေးသုဿန်၌ ပြုလုပ်မည်ဖြစ်ပြီး ဂူသွင်း သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။ တေးရေး၊တေးဆို ကိုင်ဇာသည် ၁၉၇၇ ခုနှစ်တွင် “အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” ဟူသော တေးစီးရီးဖြင့် ဂီတလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ကိုင်ဇာသီဆိုခဲ့သည့် “တစ်သက်လုံးပဲ သတိရနေမယ်”၊ “နှုတ်ဆက်ပါတယ် ကမ္ဘာကြီး”၊ “မနိုးပါစေနဲ့ မိုးရယ်”၊ “တူနှစ်ကိုယ် တိုင်းပြည်”၊ “အရမ်းလွမ်းနေပြီ” စသည့် သီချင်းများသည် ရာစုနှစ်ဝက်နီးပါး ကြာမြင့်ခဲ့သော်လည်း ယနေ့တိုင် စွဲထင်နေဆဲ သီချင်းများ ဖြစ်သည်။ တေးသံရှင် ကိုင်ဇာသည် မကွယ်လွန်မီ ပြီးခဲ့သည့် လပိုင်းများအထိပင် စင်တင် ဖျော်ဖြေပွဲများတွင် တေးသီချင်းများ ပါဝင် သီဆို ဖျော်ဖြေခဲ့သည်။ ဓာတ်ပုံ – နာရေးကူညီမှုအသင်း – ရန်ကုန် ပုံစာ – ကွယ်လွန်သူ ဂန္ထဝင်တေးသံရှင် ကိုင်ဇာ (ခ) ဦးညီညီဝင်း၏ ရုပ်ကလာပ်အား ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်စဉ် Post navigation ကောလင်းတွင် ရေပြန်ကျသွားသော်လည်း စစ်ဘေးရှောင်ရေဘေးသင့်သူများ အတွက် အကူအညီနှင့် ပြန်လည် ထူထောင်ရေးကူညီမှုများ လိုအပ်နေ တေးသံရှင် ကိုင်ဇာ၏ ရုပ်ကလာပ်ကို ယနေ့ ညနေပိုင်းတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်၍ မွန်းလွဲ ၂ နာရီတွင် နေအိမ်မှ ကားများစတင်ထွက်ခွာမည်