PSM(News)

ဩဂုတ် ၂၂ ၊၂၀၂၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေး ဒုက္ခကြုံတွေ့ခဲ့ရသည့် စစ်ဘေးရှောင်နှင့် ဒေသခံ ရေဘေးသင့်ပြည်သူ ၂၀,၀၀၀ ခန့်ရှိနေပြီး လက်ရှိတွင် ရေပြန်ကျသွားသော်လည်း အရေးပေါ် စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေး ကူညီမှုများ ဆက်လက် လိုအပ်နေကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

အဆိုပါ ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူများထံ အခြေခံ စားနပ်ရိက္ခာခြောက်များကို ပြည်တွင်း/ ပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အရေးပေါ် သွားရောက် ထောက်ပံ့ပေး လျက်ရှိကြောင်း ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် မြို့နယ် ပအဖ က ထုတ်ပြန်ထားသည်။

ကူညီထောက်ပံ့မှုများ အချိန်မီ ရောက်ရှိရေးအတွက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင် လူသားချင်းစာနာထောက်ထားရေး တာဝန်ခံ အပါအဝင် မြို့နယ်ဆိုင်ရာ ဌာနတာဝန်ခံများနှင့် ဒေသခံ အရပ်ဘက် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ ကျွန်တော်တို့ စစ်ဘေးရှောင် ရေဘေးသင့်သူတွေကို ဦးစားပေးပြီး အခြေခံစား သောက်ကုန် ၅ မျိုးလောက် ထောက်ပံ့ထားတာ ရှိပါတယ်။ တချို့နေရာတွေမှာ သွားလာရေး အခက်အခဲကြောင့် နှောင့်နှေးကြံ့ကြာမှု ရှိနိုင်ပေမဲ့ ချိတ်ဆက်ပြီး ရသင့်ရထိုက်တာတွေကို ထောက်ပံ့ သွားမှာပါ။ နည်းသည်များသည် မဟုတ်ဘဲ ရလာတဲ့ အလှူငွေ ပမာဏနဲ့ ချင့်ချိန်ပြီး အဆင်ပြေ အောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်” ဟု ရေဘေးကူညီရေး လုပ်ဆောင်နေသူ ပအဖ အဖွဲ့ဝင်တစ်ဦးက PSM ကို ပြောသည်။

လက်ရှိတွင် ရေကြီးရေလျှံမှု ငြိမ်သက်၍ ရေပြန်ကျသွားပြီ ဖြစ်သော်လည်း နေရာအနှံ့အပြား၌ စားနပ်ရိက္ခာ ထောက်ပံ့မှုများ ဆက်လက် လိုအပ်နေဆဲ ဖြစ်သည်။ ထို့ပြင် ပျက်စီးသွားသည့် လမ်း၊ တံတားများနှင့် စစ်ရှောင် အဆောက်အအုံများကို ပြန်လည်ပြုပြင် ထူထောင်ရန်အတွက် လူအား၊ ငွေအား အမြောက်အမြား လိုအပ်နေသေးကြောင်းလည်း ကောလင်းမြို့နယ် ပအဖ အဖွဲ့ဝင်က ဆိုသည်။

“လက်ရှိ စာရင်းတွေအရ ရက်ရှည် ရေနစ်မြုပ်ခဲ့ရတဲ့ ရေဘေးသင့်နဲ့ စစ်ဘေးရှောင် ဦးရေ ခန့်မှန်း ၂၀,၀၀၀ ခန့် ရှိနေပါတယ်။ ဒါက စစ်ရှောင်တွေနဲ့ ဒေသခံ အနည်းအကျဉ်းရဲ့ စာရင်းပဲ ရှိသေးတာမို့ အတိအကျ ထုတ်ပြန်နိုင်ဖို့ စာရင်း ပြုစုနေဆဲ ဖြစ်ပါတယ်” ဟု အဆိုပါ ပအဖ အဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။

ကောလင်းမြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ် ၅ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းရေများ မြင့်တက်လာပြီး လမ်းတံတားများ ရေကျော် ပျက်စီးကာ ဒေသခံများ သွားလာရေးနှင့် စားနပ်ရိက္ခာ ရရှိရေးတို့တွင် အခက်အခဲများစွာ ကြုံတွေ့နေခြင်း ဖြစ်သည်။

ဓာတ်ပုံ – ပေးပို့

ပုံစာ – ကောလင်းမြို့နယ်အတွင်း ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူများထံ အရေးပေါ် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့စဉ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *