PSM (News)

ဩဂုတ်၂၃၊၂၀၂၆

ဆားဘီးယားနိုင်ငံ အရှေ့မြောက်ပိုင်း သဘာဝကြိုးဝိုင်းနယ်မြေတစ်ခုတွင် ဖြစ်ပွားနေသော ကြီးမားသည့် တောမီးကို ကူညီငြှိမ်းသတ်ရန် ဥရောပသမဂ္ဂ (EU) ၏ အရပ်ဘက် ကာကွယ်ရေး ယန္တရားမှ ရဟတ်ယာဉ်များနှင့် မီးသတ်သမားများကို စေလွှတ်မည်ဖြစ်ကြောင်း ဘဲလ်ဂရိတ်မြို့ရှိ အီးယူမစ်ရှင် အကြီးအကဲက စနေနေ့တွင် ပြောကြားခဲ့သည်။

မြို့တော်ဘဲလ်ဂရိတ်မှ ကီလိုမီတာ ၈၀ အကွာရှိ ဒယ်လစ်ဘလတ်စကာ ပက်စ်ကာရာ (Deliblatska Pescara) ဒေသတွင် အပတ်နှင့်ချီ လောင်ကျွမ်းနေသော တောမီးကို ငြှိမ်းသတ်ရန် ဆားဘီးယားနိုင်ငံက သောကြာနေ့တွင် အဆိုပါယန္တရားကို အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံမှ ဘလက်ဟော့ခ် မီးသတ်ရဟတ်ယာဉ် ၄ စင်း၊ မီးသတ်သမား ၅၅ ဦးနှင့် ရိုမေးနီးယားနိုင်ငံမှ မီးသတ်သမား ၆၉ ဦးတို့က အကူအညီပေးသွားမည် ဖြစ်သည်။

ဆားဘီးယားသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်သော်လည်း ယင်းယန္တရားမှတစ်ဆင့် အရေးပေါ်အကူအညီ ရယူပိုင်ခွင့်ရှိသည်။ ဇူလိုင်လနှောင်းပိုင်းကတည်းက ထင်းရှူးတော ဟက်တာထောင်ပေါင်းများစွာကို လောင်ကျွမ်းစေခဲ့သော အဆိုပါတောမီးကို ငြှိမ်းသတ်ရန် ရုရှားနိုင်ငံ၏ မီးသတ်လေယာဉ်တစ်စင်းလည်း ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့သည်။

လက်ရှိတွင် အခြေအနေ ပိုမိုတည်ငြိမ်လာသော်လည်း လူနေရပ်ကွက်များနှင့် လူ့အသက်များကို ကာကွယ်ရန်မှာ အဓိက ဦးစားပေးဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *