PSM (News)

ဩဂုတ် ၂၂ ၊ ၂၀၂၆

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည် မဟုတ်ကြောင်း NLD ဒုတိယဗဟိုကော်မတီ၏ ကြားကာလ (၈)ကြိမ်မြောက် အစည်းအဝေးအပြီးတွင် ထုတ်ပြန် ကြေညာသည်။

NLD ဒုတိယဗဟိုကော်မတီ၏ ကြားကာလ အစည်းအဝေးကို ယနေ့ ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပြီး မတရား ဖမ်းဆီးခံထားရသည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး တစိုက် မတ်မတ် ဆောင်ရွက်ရန် အပါအဝင် အရေးပါသည့် ဆုံးဖြတ်ချက် ၈ ချက်ကို အတည်ပြု ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လူငယ်များ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန်နှင့် ကြား ကာလ အစီအမံများ ဖော်ဆောင်နေသည့် တိုင်းနှင့် ပြည်နယ်များအနေဖြင့် ပါတီမူဝါဒများ၊ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်များနှင့် ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားသည့် ဖက်ဒရယ်မူ ၆ ချက်တို့မှ မသွေဖီစေရေး သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များနှင့် အလုပ်အမှုဆောင် များက ကြပ်မတ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဒုတိယဗဟိုကော်မတီ အစည်းအဝေးသို့ သဘာပတိအဖြစ် သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ က ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းနှင့် ပြည်နယ် အလုပ် အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများနှင့် အထူးဧည့်သည်တော်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၉၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများကို တင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကိုလည်း အတည်ပြု မှတ်တမ်းတင်ခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *