PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အာဏာလု စစ်တပ်၏ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်ဖွဲ့၀င်များ အများအပြား သေဆုံးကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ အောင်လံမြို့နယ်ဘက်မှ တောင်တွင်းကြီးမြို့နယ်ဘက်သို့ ရန်ကုန်-မန္တလေး အမှတ် (၂) ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်ကား နှစ် စီးကို ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာနှင့် ဆတ်သွားကျေးရွာကြား လမ်းပိုင်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိနေသည့် စစ်ကားပေါ်မှ ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ (ပုဏ္ဏဝတီ)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မကွေး ပကဖ)၊ မကွေး-တောင်တွင်းကြီး အထူး ပြောက်ကျားတပ်ဖွဲ့နှင့် တောင်တွင်းကြီး Rocket Fighter အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ – တောင်တွင်းကြီး ပကဖ ပုံစာ – တောင်တွင်းကြီးမြို့နယ်အတွင်း အာဏာလု စစ်တပ်၏ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်နေစဉ်။ Post navigation မင်းတုန်း-မအီ လမ်းကြောင်းနှင့် ရခိုင်ရိုးမကို ထိုးဖောက်ရန်အတွက် အာဏာလု စစ်အုပ်စုက စစ်ကူအင်အား ၂,၀၀၀ ကျော် ပို့ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံဘဲ မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထုတ်ပြန်၊ ဒုတိယ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၈ ချက် ချမှတ်