PSM (News)

ဩဂုတ် ၂၂ ၊ ၂၀၂၆

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် ဆက်သွယ်ထားသည့် မင်းတုန်း – မအီ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ရေးနှင့် ရခိုင်ရိုးမ တောင်ခြေကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အာဏာလု စစ်အုပ်စုက စစ်ကူ အင်အား ၂,၀၀၀ ကျော် အလုံအရင်းဖြင့် ထပ်မံ ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်း မြစ်များထံမှ သိရသည်။

သရက်မြို့နယ်ရှိ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၂) အတွင်းသို့ ကားစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်း ရောက်ရှိလာခဲ့ပြီးနောက် ယနေ့ ဩဂုတ် ၂၂ ရက်တွင် မင်းတုန်းမြို့နယ်အတွင်းသို့ စစ်ကူအင်အားများ စတင် ပို့ဆောင်နေခြင်းဖြစ်သည်။

“ဒီနေ့မှာဆိုရင် မင်းတုန်းမြို့ပေါ်နဲ့ မင်းတုန်းမြို့နယ်ထဲကို ကားအစီး ၆၀ ခန့် ရောက်နေပါတယ်။ ကပစ – ၁၂ ကို ရောက်နေတဲ့ အင်အားတွေကတော့ များပါတယ်။ ၂,၀၀၀ အထက်မှာ ရှိတာပေါ့လေ။ ၂,၅၀၀ ပတ်ဝန်းကျင်၊ အဲဒီထက်လည်း ပိုရင် ပိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခု မင်းတုန်းကိုပဲ ဦးတည် နေတာပါ။ ကျွန်တော်တို့လည်း ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” ဟု သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ တာဝန်ရှိသူ ကိုမြတ်က PSM ကို ပြောသည်။

အာဏာလု စစ်တပ်သည် အဆိုပါ စစ်အင်အားများကို အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များ စစ်ဆိုင်ထားသည့် မင်းတုန်းမြို့နယ် အနောက်ပိုင်း၊ ရခိုင်ရိုးမ တောင် ခြေဘက်သို့ ဦးတည် ပို့ဆောင်မည်ဟု ဒေသတွင်း စစ်ရေး ရင်းမြစ်များက ခန့်မှန်းထားသည်။

အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီလကတည်းက မင်းတုန်းမြို့နယ် အနောက်ပိုင်းကို ပြန်လည် စိုးမိုးရန်နှင့် မကွေး-ရခိုင် ဆက်သွယ်ထားသည့် မင်းတုန်း – မအီ ကုန်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ရန် အင်အား ၁,၀၀၀ ကျော်ဖြင့် ကနဦး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

သို့သော် AA နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက် တိုက်ခိုက်မှုကြောင့် အထိနာကာ ၎င်းတို့၏ စစ်ရေးရည်မှန်းချက် ပျက်ပြားခဲ့ရပြီး လက်ရှိတွင် ရိုးမတောင်ခြေရှိ ပြောင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် ဖြူကန်ကျေးရွာတို့တွင်သာ တပ်စွဲထားသည်။

ယခုအခါတွင်မူ အာဏာလု စစ်အုပ်စုက စစ်ကူအင်အား အမြောက်အမြား ထပ်မံဖြည့်တင်းကာ မင်းတုန်းမြို့နယ် အနောက်ပိုင်းကို ပြန်လည်စိုးမိုးရေး၊ မကွေး-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ ရေးနှင့် ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ရေးရည်မှန်းချက်များကို ဒုတိယ အကြိမ် ပြန်လည် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်လေ့လာသူများက သုံးသပ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *