PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းနှင့် အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းမွန်မှုတို့ကြောင့် လာမည့် ဩဂုတ် ၂၄ ရက်အထိ မြန်မာနိုင်ငံ တစ်ဝန်း၌ ရက်ဆက် မိုးရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) နှင့် မိုးလေဝသ စောင့်ကြည့်လေ့လာချက်များအရ သိရသည်။ ထို့ကြောင့် တောင်တန်းဒေသများတွင် ရုတ်တရက် တောင်ကျရေဆင်းခြင်း၊ မြေပြိုခြင်းနှင့် မြစ်ရေ လျှံခြင်း အန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ကြောင်းလည်း သတိပေးထားသည်။ တုံကင်ပင်လယ်ကွေ့နှင့် ဟိုင်နမ်ကျွန်းအနီး ရောက်ရှိနေသည့် အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားကာ ဩဂုတ် ၂၃ ရက်မှ ၂၄ ရက်အတွင်း တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်း ပြည်နယ် တောင်ပိုင်းသို့ ဝင်ရောက်နိုင်ခြေ ရှိနေသည်။ အဆိုပါ မုန်တိုင်းအကြွင်းအကျန်များနှင့် မုတ်သုံမြောင်တန်းကြောင့် မြန်မာနိုင်ငံအထက်ပိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်သည့် အခြေအနေ ဖြစ်ပေါ် နေခြင်းဖြစ်သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြား မိုးများရာမှ မိုးအလွန်များနိုင်ပြီး မကွေး (မြို့သစ်)၊ ပဲခူး (မင်းလှ)၊ ဧရာဝတီ (ရေကြည်)၊ ကရင် (ပိုင်ကျုံ) နှင့် မွန် (ရေး) မြို့နယ်တို့တွင်လည်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်သဖြင့် ရေကြီးမြေပြိုမှု အန္တရာယ် သတိပြုရန် လိုအပ်သည်။ ထို့အတူ စစ်ကိုင်းတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် နေပြည်တော်တို့တွင် မိုးရက်ဆက် ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ကြောင်း သိရသည်။ သံလွင်မြစ်ရေ (ဘားအံမြို့)၊ သောင်းရင်းမြစ်ရေ (မြဝတီမြို့)၊ ရွှေကျင်မြစ်ရေ (ရွှေကျင်မြို့) နှင့် စစ်တောင်းမြစ်ရေ (မဒေါက်မြို့) တို့သည် စိုးရိမ်ရေမှတ်အထက် ၁ ပေမှ ၃ ပေခန့်အထိ ဆက်လက် မြင့်တက် လာနိုင်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် ဘီးလင်းမြစ်ရေသည်လည်း လာမည့် ၂၄ နာရီအတွင်း ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သဖြင့် ဘီးလင်း၊ ဘားအံ၊ မြဝတီ၊ ရွှေကျင်နှင့် မဒေါက်မြို့နယ်တို့မှ ဒေသခံများအနေဖြင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်အတွက် ကြိုတင် ပြင်ဆင်ထားရန် မိုးလေဝသပညာရပ်ကို လေ့လာ နေသူများက အသိပေးတိုက်တွန်းထားသည်။ မုတ်သုံလေ အားကောင်းမှုကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၃၅ မိုင်အထိ မိုးသက်လေပြင်း တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၁ ပေမှ ၁၃ ပေခန့်အထိ ရှိနိုင်သဖြင့် လှိုင်းအလွန်ကြီးနိုင်သည့်အပြင်၊ ဘင်္ဂလားပင်လယ်အော်အတွင်း၌လည်း လှိုင်းအမြင့် ၁၂ ပေကျော်အထိ မြင့်တက်နိုင်သောကြောင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများနှင့် သင်္ဘောများ ပင်လယ်ပြင် ထွက်ခွာခြင်း မပြုကြရန် သတိပေးထားသည်။ ဓာတ်ပုံ – မိုး/ဇလ၊ လူမှုကွန်ရက် Post navigation ကန့်ဘလူတွင် စစ်ရှောင်များ ခိုလှုံသည့် ဘုန်းကြီးကျောင်းနှင့် ဝိုင်ဖိုင်ဆိုင်များကို အာဏာလု စစ်တပ် လေ ကြောင်းမှ ဗုံးကြဲ၍ သံဃာတော် ၁ ပါး အပါအဝင် ၂ ဦး သေဆုံး မင်းတုန်း-မအီ လမ်းကြောင်းနှင့် ရခိုင်ရိုးမကို ထိုးဖောက်ရန်အတွက် အာဏာလု စစ်အုပ်စုက စစ်ကူအင်အား ၂,၀၀၀ ကျော် ပို့ဆောင်