PSM(News)

ဩဂုတ် ၂၁ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းနှင့် အများသုံး ဝိုင်ဖိုင်ဆိုင်များ အပါအဝင် နေရာ သုံး ခုကို အာဏာလု စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် တစ် ပါး နှင့် အရပ်သား တစ် ဦး ပွဲချင်းပြီး သေဆုံးကာ လေး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်း၊ တံတားဦးလေတပ်မှ တက်လာသည့် စစ်တပ် တိုက်လေယာဉ်များသည် ယမန်နေ့ ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီကျော်က ရင်ခပ်ကုန်းကျေးရွာနှင့် သပြေသာကျေးရွာ ဝန်းကျင်ကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာလု စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်များ ခိုလှုံနေသည့် သပြေသာကျေးရွာ ရှောက် ကန်ဘုန်းကြီးကျောင်းမှ ဆရာတော် တစ် ပါးနှင့် ဗောဓိကျောင်းမှ စစ်ရှောင် အမျိုးသား တစ် ဦး သေဆုံးခဲ့ရပြီး ကျောင်းသား တစ် ဦး အပါအဝင် လေး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

“ညနေ ၅ နာရီကျော်မှာ နေရာ သုံး ခုကို လေကြောင်းတိုက်ခိုက်သွားတာပါ။ တိုက်ပွဲဖော်ဆောင်တာတွေမရှိဘဲ အလွတ်လာကြဲတာပါ။ ဘုန်းကြီး တစ် ပါးနဲ့ ပြည်သူ တစ် ဦး နေရာတင် သေဆုံးပြီး ကျောင်းသား တစ် ဦး အပါအဝင် လေး ဦး ပြင်းထန်ဒဏ်ရာရပါတယ်။ အနည်းအကျဉ်း ဒဏ်ရာရသူတွေလည်း များပါတယ်” ဟု ကန့်

ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် ဘုန်းကြီးကျောင်း အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး ဒေသခံနှင့် စစ်ရှောင်ပြည်သူ ၂၀၀ ကျော် ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်ခဲ့ကြရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်အတွင်း ဝက်တိုးကျေးရွာအခြေစိုက် အာဏာလု စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး သုံး လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် ထပ်မံထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ စုဝေးရာနေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကန့်ဘလူနယ်အတွင်း ကင်းထောက်ဒရုန်းများ မကြာခဏ ပျံသန်းနေသဖြင့် တန့်ဆည်နှင့် ရေဦး-တန့်ဆည် အစပ်အနီးတစ်ဝိုက်ရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို နေ့ညမရွေး အထူးသတိပြု နေထိုင်ကြရန် ဒေသခံအဖွဲ့အစည်းများက သတိပေး နှိုးဆော်ထားသည်။

အာဏာလု စစ်အုပ်စုသည် ကန့်ဘလူမြို့နယ် အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ် သားပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ နေ့စဉ် ပြုလုပ်လျက်ရှိသည်။

စစ် အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂,၈၉၆ ကြိမ် ရှိခဲ့ပြီး ဗုံးထိမှန်၍ အရပ်သားပြည်သူ ၅,၈၄၆ ဦး သေဆုံးခဲ့သလို စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနှင့် အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးခဲ့ကြောင်း ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန (MOHR) က ထုတ်ပြန်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *