PSM(News)

ဧပြီ ၂၂၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ သရက်ကန်ပျူစောထီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်အုပ်စု၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေ ဆုံးကာ G3 သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က သရက်ကန်ရွာအနီး ပတ် ဝန်းကျင်၌ မိုင်းထောင်ပြီး ကင်းပတ်စောင့်ကြည့်နေစဉ် ရွာနှင့် မီတာ ၃၀၀ ခန့်အကွာ မိုင်းကွင်းအတွင်းသို့ ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က မိုင်းကွင်းထဲမှာ တစ်ယောက်ကိုပဲ အရင်မြင်ရတာ၊ အင်အားဘယ်လောက်နဲ့ ထွက်လာလဲ မသိရသေးတော့ လက်နက်ငယ်နဲ့ ပစ်တာထက် မိုင်းဆွဲဖို့ပဲ ရွေးချယ်ခဲ့တာပါ။ မိုင်းဆွဲလိုက်တော့ တစ်ယောက်လဲကျသွားတာ မြင်ရတယ်။ ရန်သူ့ဘက်က ပြန်ပစ်တာမရှိလို့ အလောင်းသွားရှင်းတဲ့အချိန်မှာ G3 တစ်လက်၊ ကျည် ၂ ဘောက်နဲ့ ကျည်အချက် ၆၀ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် TYK ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်မှာ ကိုင်းတောမရဲစခန်းမှ ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသည့် အခြားရဲတစ်ဦးမှာမူ ပြန်လည်ခုခံခြင်းမရှိဘဲကြောက်လန့်တကြားဖြင့် စခန်းအတွင်းသို့ ထွက်ပြေး လွတ်မြောက် သွားကြောင်း မြေပြင်သတင်းများအရ သိရသည်။

သိမ်းဆည်းရမိသည့် G3 သေနတ်နှင့် ကျည်ဘောက်အချို့မှာ မိုင်းဒဏ်ကြောင့် အနည်းငယ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ကန် (TYK) ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့ (အရှေ့ပိုင်းဇုန်)၊ ဒေါင်းညီနောင်တပ်ဖွဲ့ နှင့် ဒေါင်းမာန်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-TYKပြောက်ကျားတပ်ဖွဲ့

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *