မောင်မောင်ကဲ/PSM(News) ဧပြီ ၂၂၊ ၂၀၂၆ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ကျူးလွန်နေသည့် အာဏာလုစစ်အုပ်စု လက်အောက်ခံ လေတပ်၏ အကြီးအကဲအဖြစ် စစ်ဦးစီး အရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ယခု လေတပ်ဦးစီးချုပ်အသစ် ခန့်အပ်မှုသည် စစ်အုပ်စုအတွင်း ထိပ်ပိုင်းရာထူးများ အပြောင်းအလဲ လုပ်ဆောင်ရာတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေခြင်းဖြစ်ပြီး ယခင် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အသွင်ပြောင်းအစိုးရအဖွဲ့တွင် ကာကွယ်ရေး ဝန်ကြီးဖြစ်လာသော ကြောင့် ဖြစ်သည်။ လေတပ်ဦးစီးချုပ်သစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ထွန်းဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၄) ဆင်း အရာရှိတစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် လေတပ်၌ ဒုတိယဗိုလ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ သူဖြစ်သည်။ ၎င်းသည် ဗိုလ်မှူးအဆင့်တွင် ယခင်လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ မိသားစုကိုယ်ရံတော်အရာရှိ (PSO) အဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ထွန်းဝင်းသည် ဗြိတိန်နိုင်ငံ Defence Academy of the United Kingdom တွင် စစ်ဘက်စီမံအုပ်ချုပ်မှုသင်တန်း တက်ရောက်ခဲ့ကာ အုပ်ချုပ်ရေးပိုင်းတွင် ကာလရှည်ကြာ တာဝန်ယူ ခဲ့သူဖြစ်ကြောင်း မြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ထံမှ သိရသည်။ ဗိုလ်ချုပ်ကြီး ထွန်းဝင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့် ကာလနောက်ပိုင်းမှစ၍ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသူဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စစ်ဦးစီးအရာရှိချုပ် (လေ) ဖြစ်လာခဲ့ကာ ငါးလအကြာတွင် လေတပ်အကြီးအကဲအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။ စစ်ဆင်ရေးများတွင် အထိနာနေသော စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများကိုသာ အဓိက အားထားနေရ၍ လေတပ်ဦးစီးချုပ် ပြောင်းလဲခန့်အပ်ကာ မြေပြင်စစ်ကြောင်းထိုးမှုများနှင့်အတူ စစ်ရေးအရှိန်မြှင့်ရန် ကြိုးပမ်းလာခြင်းပင်ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။ ပုံစာ-ဗိုလ်ချုပ်ကြီး ထွန်းဝင်း Post navigation နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံတကာမှ ဖိအားပေးရန် CSO အဖွဲ့ပေါင်း ၅၀ ကျော် တောင်းဆို သရက်ကန်တွင် အထိုင်ချထားသည့် ရဲတစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံး၊ G3 သေနတ်တစ်လက် သိမ်းဆည်းရမိ