ဓာတ်ပုံ-Blue Shirt Movement – Myanmar ဧပြီ ၂၂၊ ၂၀၂၆ PSM(News) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းမှ ထိရောက် သည့် ဖိအားပေးမှုများ လုပ်ဆောင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း ၅၈ ဖွဲ့က ယမန်နေ့ ဧပြီ ၂၁ ရက် တွင် စုပေါင်းတောင်းဆိုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ် လွန်ခြင်း ၁၂ နှစ်ပြည့်သည့် ဧပြီလ ၂၁ ရက်နေ့တွင် ၎င်းအား ဂုဏ်ပြုသည့်အနေဖြင့် “အပြာရောင်ဝတ်စုံလှုပ်ရှားမှု(Blue Shirt Campaign)”ကို ၁၂ ရက်တာ ဖော်ဆောင်ခဲ့ပြီးနောက် ယခုကဲ့ သို့ ထုတ်ပြန်တောင်းဆိုခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အာဏာလုစစ်အုပ်စု သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစ၍ လူထုခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ၊ CDM များ၊ သတင်းသမားများနှင့် ပြည်သူများကို တရားဥပဒေမဲ့ ဖမ်းဆီးထားပြီးအကျဉ်းထောင်များအတွင်း လူမဆန်သည့် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီ ၂၀ ရက်နေ့အထိ မှတ်တမ်း များအရ အကျဉ်းထောင်များနှင့် ထိန်းမ်းရေးစခန်းများတွင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇,၂၁၆ ဦး၊ အမျိုးသမီး ၆,၃၉၄ ဦးနှင့် ကလေးသူငယ် ၆၃၇ ဦးတို့ မတရားဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အရ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းနှင့် နှိပ်စက်ခံရခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၇၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် အမေရိကန် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အထူးအလေးထား ဆောင်ရွက်ပေးရန်၊ အာဏာလုစစ်အုပ်စု ၏ တရားမဝင် အတုအယောင်အစိုးရကို အသိအမှတ်မပြုရန်၊ ပြည်သူများကို လေကြောင်းမှ ဗုံးကြဲနေမှုကို ရပ်တန့်နိုင်ရန် လေယာဉ်ဆီ ရောင်းချ မှုများ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်တပ်ကို နိုင်ငံတကာဥပဒေအရ တာဝန်ခံစေရေး ကြိုးပမ်းပေးရန်တို့ကို CSO အဖွဲ့များက တောင်းဆိုထားသည်။ ယခုလှုပ်ရှားမှုကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ Generation Wave(GW) နှင့် ကရင်နီ၊ ချင်း၊ ရခိုင် ဒေသအသီးသီးမှ အဖွဲ့အစည်းပေါင်း ၅၈ ဖွဲ့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ Post navigation အင်းတော်ကို ပြန်လည်ထိန်းချုပ်ရန် အာဏာလုစစ်အုပ်စု ကြံစည်နေ၍ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း ပကဖ သတိပေး ဗိုလ်ချုပ်ကြီး ထွန်းဝင်းကို လေတပ်ဦးစီးချုပ်အဖြစ် အာဏာလုစစ်အုပ်စု ရာထူးတိုးမြှင့်ခန့်အပ်၊ ဗိုလ်ချုပ်ကြီး ထွန်းအောင် ကာကွယ်ရေးဝန်ကြီး ဖြစ်လာ