PSM(News) ဧပြီ ၂၁၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြည့်အဝ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အာဏာလုစစ်အုပ်စု က ပြန်လည်သိမ်းပိုက်ရန် ကြံစည်နေသဖြင့် မြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ဧပြီ ၂၁ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။ အင်းတော်မြို့နယ်ကို စစ်ကြောင်းထိုးရန်အတွက် အာဏာလုစစ်အုပ်စုက အင်အားပြင်ဆင်နေပြီး လာမည့်ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမည့် သတင်းများ ထွက်ပေါ်နေကြောင်း Indaw Revolution ကလည်း အသိပေးထားသည်။ စစ်ကြောင်းထိုးသည့်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းမှပါ အပြင်းအထန် ဗုံးကြဲလာနိုင်ကြောင်း သိရသည်။ “ဒါ လက်ရှိမြေပြင်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေကို အသိပေးတာမျိုးဖြစ်ပါတယ်။ ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အရေးပေါ်အထုပ်အပိုးတွေ ပြင်ဆင်ထားတာမျိုးနဲ့ စစ်ရေးသတင်းတွေကို မျက်ခြေမပြတ် နားစွင့်ထားဖို့ လိုအပ်ပါတယ်” မြေပြင်ရှိ ရဲဘော်တစ်ဦးက PSM ကိုပြောသည်။ သို့ဖြစ်ပါ၍ ဒေသခံမိဘပြည်သူများအနေဖြင့် အရေးပေါ်ဆေးဝါး၊ ရိက္ခာနှင့် လိုအပ်သည့် အရေးကြီးပစ္စည်းများကို ကြိုတင်ထုတ်ပိုးပြင်ဆင်ထားသင့်သလို၊ လေကြောင်းတိုက်ခိုက်မှုများရှိလာပါက အကာအကွယ်ရနိုင်မည့် ဗုံးခိုကျင်းများကိုလည်း အချိန်မီ ပြင်ဆင်ထားသင့်ကြောင်း တိုက်တွန်းထားသည်။ လက်ရှိတွင် အင်းတော်မြို့နယ်အတွင်း စစ်ရေးအခြေအနေမှာ အထူးတင်းမာလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးမှု ရရှိထားသည့် ဒေသများကို အာဏာလုစစ်အုပ်စုက စစ်ကြောင်းထိုးရန် ကြိုးပမ်းလာနေကြောင်း သိရသည်။ ဓာတ်ပုံ-Indaw Revolution ပုံစာ-အင်းတော်မြို့ကို တော်လှန်ရေးတပ်များ သိမ်းယူခဲ့စဉ်(ပုံဟောင်း) Post navigation အာရက္ခတပ်တော် နှင့် ချင်းပြည်သူ့တပ်မတော် ခေါင်းဆောင်များတွေ့ဆုံ၊ အာဏာလုစစ်အစိုးရကို တိုက်ထုတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံတကာမှ ဖိအားပေးရန် CSO အဖွဲ့ပေါင်း ၅၀ ကျော် တောင်းဆို