PSM (News) ဩဂုတ် ၂၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ၁၀ ရက် တရားစခန်း ပြုလုပ်နေသည့် ဘုန်းတော်ကြီး ကျောင်းကို အာဏာလု စစ်အုပ်စုက ယနေ့ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တရားအားထုတ်နေသည့် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသခံများနှင့် တော်လှန်ရေး အဖွဲ့အစည်းများထံမှ သိရသည်။ မန္တလေးတိုင်း၊ တံတားဦးလေတပ်မှ တက်လာသည့် အာဏာလု စစ်တပ်၏ ဂျက်ဖိုက်တာ စစ်လေယာဉ်တစ်စီးသည် ယနေ့ ဩဂုတ် ၂၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ဆွဲလဲအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လေကြောင်းမှ ၂ ကြိမ်တိုက်ခိုက်၍ ဗုံးသီးများ ကျရောက် ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ၁၀ ရက်တာ တရားစခန်း သို့ဝင်ရောက်၍ တရားအားထုတ်နေကြသည့် အသက် အရွယ်ကြီးရင့်သူ အဖိုး၊ အဖွား ၁၀ ဦး ထက်မနည်း ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားသော ပြည်သူများစွာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ “တရားစခန်းကိုတောင် လုပ်ရက်လိုက်ကြတာကွာ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦးက ဆိုထားသည်။ အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက် ညနေပိုင်းကလည်း တံတားဦး လေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ စစ်လေယာဉ် သုံးစီးဖြင့် မြောင်မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို ည ၇ နာရီ ၃ မိနစ်၊ ၇ နာရီ ၇ မိနစ်နှင့် ၇ နာရီ ၉ မိနစ်တို့တွင် ၃ ကြိမ်တိုင်တိုင် ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ PSM အနေဖြင့် အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို အတည်ပြုနိုင်ရန်အတွက် ဆက်လက် စိစစ်လျက်ရှိသည်။ ဓာတ်ပုံ-CJ Post navigation မြန်မာ့အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး SCEF ခေါင်းဆောင်များနှင့် ဂျပန်မီဒီယာများ တိုကျိုတွင် သတင်းစာရှင်းလင်းပွဲပြုလုပ် တရုတ်က ဖမ်းဆီးထားသည့် ISP-Myanmar တည်ထောင်သူ ဦးမင်းဇင်ကို မတရားဖမ်းဆီးခံရသူအဖြစ် အမေရိကန် သတ်မှတ်၊ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို