မောင်မောင်ကဲ/ PSM (News)

ဩဂုတ် ၂၁ ၊ ၂၀၂၆

တရုတ်နိုင်ငံ၌ ဖမ်းဆီးခံထားရသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို မတရား ဖမ်းဆီးထိန်းသိမ်းခံရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ကြောင်းနှင့် အမေရိကန်နိုင်ငံသားအားလုံး ပြန်လွှတ်ပေးရန် ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့တွင် အမေရိကန်က တရုတ်အစိုးရထံ အရေးပေါ် တိုက်တွန်း တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးမင်းဇင်အား မတရားဖမ်းဆီးထိန်းသိမ်း ခံရသူအဖြစ် အတည်ပြုခဲ့ပြီး အမေရိကန်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးသည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဓိက ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တရုတ်နိုင်ငံအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော သို့မဟုတ် ပြည်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ခံထားရသည့် အမေရိကန်နိုင်ငံသားအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန် ပေကျင်းအစိုးရကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

မြန်မာ့အရေးသုတေသီ ဦးမင်းဇင်သည် Yunnan Academy of Social Sciences မှ ပရော်ဖက်ဆာတစ်ဦး၏ ဖိတ်ကြားချက်ကြောင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်ရန် သွားရောက်စဉ် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းလေဆိပ်တွင် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

တရုတ်အစိုးရဘက်ကမူ ဦးမင်းဇင်သည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် သူလျှိုလုပ်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည် ဆိုသော သံသယဖြင့် ဖမ်းဆီး ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးမင်းဇင် တည်ထောင်ထားသည့် ISP-Myanmar သည် မြန်မာ့နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများ အထူး သဖြင့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အချက်အလက်အခြေပြုကာ သုတေသနပြု ဖြန့်ဝေပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ISP-Myanmar သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပ တစ်နေ ရာသို့ ရုံးခန်းပြောင်းရွှေ့ခဲ့ပြီး သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *